BBC navigation

ရန်ကုန်မြို့ ပထမဆုံး နှစ်ကူးပွဲ

နောက်ဆုံး ရေးသားချိန် 31 ဒီဇင်ဘာလ 2012 - 23:29 GMT
bbc_newyear_304x171

ကမ္ဘာနဲ့ အတူ မြန်မာနှစ်ကူး

ရန်ကုန်မြို့ မိုင်ဒါကွင်း ခေါ် မြို့မ ကွင်းမှာ နေရာ သတ်မှတ် ပေးတဲ့ အစီအစဉ် အရ မြန်မာ ပြည်သူတွေ ပထမဆုံး တပျော်တပါး တက်ရောက်ကြယင်း ၂၀၁၃ နှစ်သစ် ကို ကြိုဆိုကြပါတယ်။ ဒီ အစီအစဉ် ကို MRTV 4, Forever Blossom စတဲ့ Forever Group မီဒီယာ လုပ်ငန်းကြီးတွေ က စီစဉ်ကြတာပါ။

နှစ်သစ် ကို ကြိုဆိုဖို့ ရောက်လာသူပေါင်း ဟာ သိန်းဂဏန်း ရှိကြောင်း၊ အများအားဖြင့် လူငယ် လူရွယ်တွေ ဖြစ်ကြောင်း ရန်ကုန်မှ ဘီဘီစီ သတင်းထောက် က ပွဲခင်းထဲက သတင်းပို့လိုက်ပါတယ်။ တက်ရောက်လာသူ လူငယ်တွေကလည်း မကြုံစဖူး ရရှိတဲ့ အခွင့်အရေး ကြောင့် ပျော်ရွှင်ကြတဲ့ အကြောင်း၊ အရင်တုန်း က အခုလို စုစုဝေးဝေး နဲ့ တပျော်တပါး နှစ်သစ်ကို ကြိုဆိုခွင့် ရလိမ့်မယ် လို့ မမျှော်မှန်းဖူး ခဲ့တဲ့ အကြောင်း လူငယ် တယောက် က ဘီဘီစီ ကိုပြောပါတယ်။

ပွဲလာ လူငယ်တွေဟာ ည ၁၂ နာရီ ထိုးခါနီး မိနစ်ပိုင်း စက္ကန့်ပိုင်း အလိုမှာ စက္ကန့် အလိုက် ကွင်းလုံးပြည့် အော်ဟစ် ရေတွက်ယင်း နှစ်သစ်ကို ကြိုဆိုကြတဲ့ အကြောင်း မြန်မာဌာန မှ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အသင့်ယူဆောင်လာကြတဲ့ ဗျောက်အိုး၊ မီးပန်း တို့လည်း ဖေါက်ကြတဲ့ အကြောင်း၊ ဂီတ အနုပညာအစီအစဉ်၊ ရယ်မောဘွယ် ဟာသပြကွက် စတာတွေနဲ့ ပါ အားဖြည့်ယင်း နှစ်သစ် အခါသမယ ၂၀၁၃ ခုနှစ် ကို ကြိုဆိုကြယင်း လူငယ် အများစု ဟာ အရင်က မရနိုင်ခဲ့တဲ့ အခွင့်အရေး တွေကိုပါ ဒီနှစ်သစ် မှာ ရနိုင်လိမ့်မယ် လို့ မျှော်လင့် ကြပုံတွေ ကို သတင်းပေးပို့လိုက်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။