BBC navigation

၂၀၁၃ အတွက် ကြိုတင် ဟောကိန်းများ

နောက်ဆုံး ရေးသားချိန် 1 ဇန်နဝါရီလ 2013 - 17:28 GMT
2013

၂၀၁၃ နှစ်သစ် ရောက်ပြီ

၂၀၁၃ နှစ်သစ်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ၂၀၁၃ နှစ်သစ်မှာ မြန်မာ နိုင်ငံရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ပတ်သက်လို့ နက္ခတ် ဗေဒင် ပညာရှင် တွေက ဘယ်လို သုံးသပ် ကြပါသလဲ။

၂၀၁၃ အတွင်း ကြုံတွေ့ လာရမယ့် မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ အဖုံဖုံနဲ့ ပတ်သက်လို့ ဆရာ စံဇာဏီဘို ကတော့ နိုင်ငံရေးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ နိုင်ငံတွင်းမှာ မပေါ်ပေါက် လင့်ကစား နိုင်ငံတကာ ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ လမ်းကြောင်း တွေမှာ ပိုမို ပွင့်လင်း အားကောင်းလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး

ဇန်နဝါရီ ၅ ရက်က နေ ၂၆ ရက် အတွင်း၊ တခါ မေလ ၂၁ ရက်ကနေ ဇွန်လ ၂၀ ရက် အတွင်းနဲ့ စက်တင်ဘာလ ၂၀ ရက်ကနေ အောက်တိုဘာလ ၂၀ ရက် အတွင်း တွေမှာ အုပ်ချုပ်မှု ပိုင်းဆိုင်ရာမှာ ဝန်ကြီးအဆင့်လောက်မှာ အပြောင်းအလဲ တွေ ရှိနိုင်တယ်လို့ ပြောပါတယ်။ အခြေခံအားဖြင့် အင်္ဂါနံနဲ့ ပတ်သက်တဲ့ ဌာနတွေမှာ ဖြစ်နိုင်ပြီး မူဝါဒပိုင်း အပြောင်းအလဲ တချို့လည်း တွေ့ရနိုင်ကြောင်း ပြောပါတယ်။

တခါ ဇန်နဝါရီ ၂၀ ရက်ကစပြီး ၄၅ ရက်တာ ကာလအတွင်း၊ ဧပြီ ၂၀ က မေ ၂၀ ကြားနဲ့ ဇူလိုင် ၂၀ ကနေ ဩဂုတ် ၂၀ ကြား ကာလ ၃ ခုမှာတော့ ထူးထူးခြားခြား ကောင်းခြင်းနဲ့ တိုးတက်ခြင်းတွေပါ တွဲဖက် ဖြစ်ထွန်းမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

စီးပွားရေး

စီးပွားရေး အနေနဲ့ ကတော့ ကောင်းမယ်လို့ မမျှော်လင့်ကြောင်း၊ တူရာသီမှာ ရာဟုဂြိုဟ် တည်ရှိချိန်မှာ လမင်းက ၁၀ ဒီဂရီ တိမ်းစောင်း နေလို့ လမင်းက ရောဟဏီ နက္ခတ်ကို လှည်းဦး လမင်း ဖောက်ခြင်း ဆိုတဲ့ သဘာဝ ဖြစ်လို့ ကုန်သည်တို့ စီးပွားရေး အားနည်းလို့ ပြည်တွင်း လုပ်ငန်းရှင်တွေ လုပ်ရေး ကိုင်ရေး သိပ်အဆင်မပြေ နိုင်ကြောင်းနဲ့ ပြည်ပက ရင်းနှီးမြှုပ်နှံ သူတွေတော့ အကျိုးအမြတ် ရှိကောင်း ရှိနိုင်တဲ့ အကြောင်း တွေကို ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး

ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့တော့ မမြင်သေးကြောင်း၊ ရောဟဏီကို တနင်္လာနဲ့ ထိနေလို့ အုပ်ချုပ်သူ မင်းကို ရဲမက် ဗိုလ်ပါက မလေးမခန့် ပြုတတ်တဲ့ အကြောင်း၊ အဲဒါကြောင့် အမိန့်သက်ရောက်မှု အားနည်း နိုင်ကြောင်း ပြောပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေက ငြိမ်းချမ်းရေး လိုလားပေမယ့် စစ်ဘက်ဆိုင်ရာ တွေက အမိန့်အပေါ်မှာ အလေးအနက် ထားချင်မှ ထားမှာ ဖြစ်ပြီး လက်နက်ကိုင် တွေဘက်ကလည်း ပြည်ထောင်စု အစိုးရရဲ့ ဂတိ စကားတွေကို ယုံကြည်မှု ရှိချင်မှ ရှိနိုင်မှာ ဖြစ်ကြောင်း၊ ပဋိပက္ခ အသွင် ဆောင်နေဆဲ ဖြစ်ကြောင်းနဲ့ တိုက်ပွဲ အရှိန်အဝါတွေ ရှိနေဦးမှာ ဖြစ်ကြောင်း၊ ၂၀၁၄ ဇူလိုင် ၁၂ ရက် နောက်ပိုင်းမှာတော့ ကောင်းတဲ့ ဘက်ကို ရောက်လာစရာ ရှိကြောင်းတွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့တော့ ကောင်းနေကြောင်း၊ ရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၄ လောက်မှာဆို အင်မတန် လင်းလက် တောက်ပ နေတဲ့ အကြောင်း နဲ့ မြန်မာ နိုင်ငံမှာလည်း အမျိုးသမီး အုပ်ချုပ်မှု ယန္တရား ဘက်မှာ ရှိနေတာကို တွေ့ရကြောင်း၊ ဒါကို ပညာရှင် တော်တော်များများလည်း သတိထား မိတဲ့ အကြောင်း ပြောပါတယ်။

၇ ရက်သားသမီး

၇ ရက်သားသမီး တွေထဲမှာတော့ အင်္ဂါ၊ သောကြာနဲ့ ဗုဒ္ဓဟူး သားသမီးတွေ အားနည်းနေဆဲ ဖြစ်ပြီး ကျန်နေ့တွေက ပုံမှန်၊ စနေကတော့ အားအကောင်းဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်

ဆက်လက်ပြီး ၂၀၁၃ ထဲမှာ သဘာဝ ဘေးတွေလည်း ရှိတဲ့ အကြောင်း၊ လမင်းက ၁၀ ဒီဂရီ စောင်းနေလို့ ဒီရေ အတက်အကျ သတိထား ရမှာ ဖြစ်ကြောင်းနဲ့ မေလနဲ့ စက်တင်ဘာ လတွေ အတွင်း လေနဲ့ ပတ်သက်တဲ့ သဘာဝ အန္တရာယ်၊ ရေနဲ့ ပတ်သက်တဲ့ သဘာဝ အန္တရာယ်၊ နောက်ပြီး မြေနဲ့ ပတ်သက်လို့တော့ မြေကြီး တုန်လှုပ်တဲ့ ငလျင်လို သဘာဝ အန္တရာယ် တွေနဲ့ ပတ်သက်လို့ အထူးပြု သတိရှိရမှာ ဖြစ်တယ်လို့ ဟောပြော ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။