BBC navigation

နှစ်သစ်မှာ သမ္မတဦးသိန်းစိန် ရေဒီယိုမိန့်ခွန်းစတင်

နောက်ဆုံး ရေးသားချိန် 1 ဇန်နဝါရီလ 2013 - 15:20 GMT
President Thein Sein

သမ္မတအိုဘားမားလို အပတ်စဉ်ပြောသွားမှာ မဟုတ်ဘဲ လိုအပ်တယ်လို့ ယူဆရင် ပြောသွားမယ်လို့ ဆိုသူ

သမ္မတဦးသိန်းစိန်က ခရစ်နှစ်ကူး ဒီကနေ့မှာ တိုင်းပြည်ကို ငါးမိနစ်သာကြာတဲ့ ရေဒီယိုမိန့်ခွန်းတရပ်ကို စတင်ပြောကြားရာမှာ ဆန္ဒထုတ်ဖော် တောင်းဆိုခွင့်တွေ ရှိပေမယ့်လို့ ဒီ လွပ်လပ်ပွင့်လင်းမှုကို ရင့်ကျက်စွာ တုန့်ပြန်ဖို့ သတိပေး ပြောကြားခဲ့ပါတယ်။

အစိုးရနဲ့လူထုကြား ဆက်သွယ်ရေးကောင်းဖို့ အခုလို ရေဒီယိုမိန့်ခွန်း ပြောတယ် ဆိုပေမယ့် အမေရိကန် သမ္မတတွေလို အပတ်စဉ် မိန့်ခွန်း ပြောသွားမှာတော့ မဟုတ်ဘဲ သမ္မတဦးသိန်းစိန်က လူထုကို ပြောဖို့ လိုအပ်လာတယ်လို့ ယူဆချိန်တွေမှာ ရေဒီယိုမိန့်ခွန်းတွေ ပြောသွားမှာ ဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ရေဒီယိုဟာ ဒီနေ့ခေတ် နည်းပညာ ထွန်းကားတဲ့ ကာလမှာ ထိရောက်တဲ့ ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်နေသေးတယ်လို့ သမ္မတက မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်က ပွင့်လင်း လွတ်လပ်မှုတွေ မရှိခဲ့ဘဲ အထီးကျန် ဆန်ခဲ့ရတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းတွင်းမှာ ပြုပြင်၊ ပြောင်းလဲစရာတွေနဲ့ ပြည့်နှက် နေတာကို သိပါကြောင်းကိုလည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၂ အတွင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကိုလည်း သမ္မတဦးသိန်းစိန်က ကမ္ဘာကပင် အံ့သြစရာကောင်းတဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုလို့ မြန်မာ့အပြောင်းအလဲကို သမ္မတ တဦးအနေနဲ့ ကိုယ်တိုင် ချီးကျူး ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဒီကနေ့ ပြောကြားလိုက် ခရစ်နှစ်ကူး မိန့်ခွန်းမှာ ယေဘူကျ သဘော ပြောကြားချက်တွေသာ ပါဝင်ပြီး တိကျတဲ့ ကတိပြု ပြောကြားချက်တွေ မပါဝင်ဘူးလို့ သုံးသပ်သူတွေလည်း ရှိကြပါတယ်။

လတ်တလော ပြဿနာ တက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလို ကိစ္စတွေ၊ ကချင်တပ်တွေနဲ့ တိုက်ခိုက်နေရတဲ့ ကိစ္စတွေ၊ အနည်းဆုံး ဘာကြောင့် အခုလို တိုက်နေရပါတယ် ဆိုတာမျိုး တိတိကျကျ ထုတ်မပြောသွားတဲ့အတွက် ယေဘူယျ ဆန်လွန်းတယ်လို့ ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးမော်လင်းက သုံးသပ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။