BBC navigation

ကုလအထွေထွေညီလာခံနဲ့ မြန်မာ့လူ့အခွင့်အရေး

နောက်ဆုံး ရေးသားချိန် 2 ဇန်နဝါရီလ 2013 - 00:55 GMT
quintana_rakhine

တောမတ်စ် အိုဟေး ကင်တားနား

ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မတီ က နောင်လာမယ့် အစည်းအဝေး တွေ မှာ မြန်မာ့ လူ့အခွင့်အရေး ကိစ္စ ကို ထည့်သွင်း ဆွေးနွေးတော့ မှာ မဟုတ်ဘူး လို ထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ အပြုသဘော ဖြစ်ပေါ်မှုတွေ ကြောင့်လို့ ထောက်ပြထားပါတယ်။

ဒါပေမယ့် တတိယ ကော်မတီ ရဲ့ ဆုံးဖြတ်ချက်မှာ ထောက်ပြစရာ အချက်တွေ ကိုတော့ ချန်မထားတဲ့ အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား က ဘီဘီစီ ကို ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲ၊ ပြည်တွင်း ရွှေ့ပြောင်း အခြေပျက်နေတဲ့ သူတွေ ပြဿနာ၊ မလွတ်မြောက်သေး တဲ့ နိုင်ငံရေး အကျဉ်းသား ကိစ္စ တွေ ကိုတော့ တတိယ ကော်မတီ က ထောက်ပြထားကြောင်း မစ္စတာ ကင်တားနား က ပြောပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ပြဿနာ ကို တတိယ ကော်မတီ က ထောက်ပြရာမှာ တော့ မြန်မာ အစိုးရ က ပယ်ချတယ် လို့ ဆိုပါတယ်။

မစ္စတာ ကင်တားနား ဟာ လာမယ့် ဖေဖေါ်ဝါရီလ ထဲ မှာ မြန်မာနိုင်ငံ သွားပြီး၊ အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသား တွေနဲ့ တွေ့ဆုံရေး၊ ရခိုင် နဲ့ ကချင်ဒေသ သွားမယ့် အစီအစဉ် ရှိပုံ၊ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေး ရေး အားပေးဖို့၊ မြန်မာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နဲ့ ပူးပေါင်း ဆောင်ရွက်မယ် လို့ လည်း ဘီဘီစီ ကို ပြောပါတယ်။

လက်ပံတောင်းတောင် ဆန္ဒပြမှု ကို ဖြိုခွဲတာနဲ့ ပတ်သက်လို့ လည်း ဆန္ဒပြပိုင်ခွင့် ကို မပိတ်ပင်ရေး၊ ဆန္ဒပြ ဥပဒေ ပါ အမိန့်တောင်းခံရတာဟာ ငြိမ်းချမ်းစွာ ဆန္ဒ ပြပိုင်ခွင့် ရှိတယ် ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးမူ နဲ့ မကိုက်ညီဘူး ဆိုတာကို လူ့အခွင့်အရေး ကော်မရှင် တင်သွင်းခဲ့ တဲ့ အစီရင်ခံစာ မှာ ပါဝင်ကြောင်း မစ္စတာ ကင်တားနား က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။