BBC navigation

လယ်အသိမ်းခံရသူတွေ ထွန်တုံး တိုက်ပွဲ၀င်

နောက်ဆုံး ရေးသားချိန် 2 ဇန်နဝါရီလ 2013 - 01:20 GMT

လယ်ကွင်းထဲက လယ်သူမလေး

ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ လယ်မြေ အသိမ်းခံရတဲ့ လယ်သမားတွေက ထွန်တုံး တိုက်ပွဲ၀င်ပြီး ၀င်ရောက် ထွန်ယက် စိုက်ပျိုးထားတဲ့ သီးနှံစပါးတွေ ဝေငှတဲ့ ကောက်သစ် စားပွဲတရပ်ကို ကျင်းပခဲ့ပါတယ်။


ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ညောင်ပင်သာ ကျေးရွာမှာ အင်္ဂါနေ့ မနက်က လယ်သမား ၂၀၀ ကျော် စုရုံးခဲ့ကြတဲ့ ကောက်သစ်စားပွဲဟာ သီးနှံပေါ်ချိန်မှာ သမားရိုးကျလုပ်တဲ့ အလှူပွဲမျိုးထက် မြေယာဆုံးရှုံးရသူ တွေရဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်တဲ့ လှုပ်ရှားမှုတရပ် ဖြစ်ခဲ့ပါတယ်။

အဲဒီဒေသအနီး တဝိုက်မှာ အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ လယ်မြေဧက တသောင်းလောက်ရှိပြီး၊ မြေယာမဲ့ ဖြစ်သွားကြတဲ့ လယ်သမားတွေက ထွန်တုံးတိုက်ပွဲလို့ ဆိုရင်း အတင်း၀င်ရောက် စိုက်ပျိုးထားတဲ့ လယ်ဧက ၆၀၀ ကျော်က ထွက်ရှိတဲ့စပါးတွေကို ဆင်းရဲတဲ့ တောင်သူတွေဆီပြန် ဝေငှခဲ့ကြတာ ဖြစ်တယ်လို့ အဲဒီလယ်သမားတွေ အရေးကို ဆောင်ရွက်နေတဲ့ ရှေ့နေကိုဖိုးဖြူက ပြောပါတယ်။

ဒီပွဲကို လယ်မြေသိမ်းထားတဲ့ ကုမ္ပဏီတွေကိုလည်း လာရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် မလာရောက်ခဲ့ကြဘူးလို့ ကိုဖိုးဖြူက ပြောပါတယ်။

လယ်သမားတွေ အဆိုအရ၊ အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီကြီး ၁၆ ခုလောက်က သူတို့ နဲ့ အကျိုးတူ လုပ်ကြမယ်ဆိုပြီး စိုက်ပျိုးစားရိတ်တွေ ထုတ်ချေး၊ မြေသြဇာတွေ စိုက်ထုတ် လုပ်ခဲ့ကြပါတာ ဖြစ်ပေမယ့် နောက်ပိုင်းကျတော့ ကုမ္ပဏီကသာ နှစ် ၃၀ မြေပိုင်ခွင့်ရှိပါတယ်လို့ ပြောလာပြီး၊ လယ်သမားတွေကို မြေမဲ့စာရင်းငှား လယ်လုပ်သားတွေအနေနဲ့ လစာပေးပြီး ၀န်ထမ်းပြန်ခန့် ခဲ့တာလို့ လယ်သမားတဦးက ပြောပြပါတယ်။


နောက်ပိုင်းမှာတော့ လယ်သမားတွေက သူတို့မြေယာတွေကို ပြန်ရလိုကြောင်း တောင်းဆိုခဲ့ကြပြီး ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘဲ ထွန်တုံး တိုက်ပွဲဆင်ပြီး အတင်း၀င် ထွန်ခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။