BBC navigation

အစိုးရက KIA ကို အမြစ်ဖြုတ်ချင်နေ

နောက်ဆုံး ရေးသားချိန် 2 ဇန်နဝါရီလ 2013 - 17:41 GMT
army chopper attacks KIA posts

တပ်မတော် ရဟတ်ယာဉ်တွေ ကေအိုင်အေ စခန်းတွေကို တိုက်ခိုက် (Photo:Free Burma Rangers)

မြန်မာအစိုးရတပ်တွေက ပြီးခဲ့တဲ့ လကုန်ပိုင်းက စပြီး ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာစခန်း တဝိုက်ကို တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ သုံးပြီး တိုက်စစ်ဆင်နေခဲ့ တာဟာ ကေအိုင်အေကို အပြီးသတ် ချေမှုန်းချင်လို့ ဖြစ်တယ်လို့ ကေအိုင်အေရဲ့ သုတေသနနဲ့ လေ့လာရေးဌာန ဌာနမှူး ဗိုလ်မှူးကြီး ဇော်တောင်က ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က လိုင်ဇာဌာနချုပ်နဲ့ ၁၀ မိုင်လောက်ပဲ ဝေးတဲ့ လဂျားယန် ဒေသက အရေးပါတဲ့ ကေအိုင်အေ ရှေ့တန်း စခန်းကုန်းတခုကို သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီလို သိမ်းပိုက်ရာမှာ လေကြောင်း အကူအညီ ယူပြီးတိုက်ခဲ့တယ်လို့လဲ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အစိုးရထုတ်ပြန်ချက်မှာတော့ တပ်မတော်ရဲ့ တပ်စခန်းတွေရှိရာကို ထောက်ပံ့ရေး ရိက္ခာ မပို့ဆောင်နိုင်အောင် ကေအိုင်အေဘက်က ပိတ်ဆို့တားဆီးမှုတွေလုပ်တဲ့ အတွက် လမ်းကြောင်းရှင်းလင်းနိုင်ဖို့ အခုလို တိုက်ခိုက်မှုတွေ လုပ်ခဲ့ရတာလို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး ဇော်တောင်ကတော့ အစိုးရတပ်တွေက အင်အားတွေ ကြီးကြီးမားမား စုဆောင်းပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ၊ တိုက်လေယာဉ်တွေ သုံးတာကို ကြည့်ရင် လမ်းကြောင်း ရှင်းလင်းရုံသက်သက် ရည်ရွယ်တာ လို့ မယူဆနိုင်ကြောင်း ပြောပါတယ်။

လိုင်ဇာဒေသဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်ပြီး ရှိပေမယ့် အခုနောက်ဆုံး တိုက်ခိုက်မှုတွေ လုပ်လာတာကို တရုတ်ဘက်က တရားဝင် ဘာမှ ထုတ်ပြောတာ မကြားရသေးပါဘူး။

လိုင်ဇာအထိ တိုက်ပွဲတွေ ဖြစ်လာလို့ ဒုက္ခသည်တွေ ထွက်ပြေးလာရရင် နေစရာ ပေးဖို့တော့ တရုတ်ဘက်မှာ စီစဉ်မှုတချို့ ရှိနေတယ်လို့ ကြားရကြောင်း ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါတယ်။

အစိုးရကတော့ လိုင်ဇာဌာနချုပ်ကို ဝင်တိုက်ဖို့ အစီအစဉ်မရှိပါဘူးလို့ ပြောနေ ပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့က အပစ်ရပ်ရေး ဆွေးနွေးဖို့ တဖက်က ပြောနေချိန်မှာ တပ်ဖက်ကတော့ တိုက်စစ်တွေ ဆင်နေတဲ့အတွက် အစိုးရနဲ့ တပ်အကြား သဘောချင်းမညီဘူးလို့ ယူဆမှုတွေ ရှိနေပေမယ့် ဗိုလ်မှူးကြီး ဇော်တောင်ကတော့ တိုင်းရင်းသားအဖွဲ့တွေ အပေါ် တပ်နဲ့ အစိုးရရဲ့ သဘောထား အတူတူပဲ ဖြစ်တယ်လို့ သူတို့ ယုံကြည်တယ်လို့ ပြောပါတယ်။

အခုလောက် ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဆင်နေတဲ့ အချိန်မျိုးမှာ အစိုးရက ကမ်းလှမ်းလာရင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကေအိုင်အေဖက်က ပါဝင်ဖို့ ပြန်သုံးသပ်ရလိမ့်မယ်လို့ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။