BBC navigation

ရခိုင်မှာ ငါးဖမ်းလေလံပယ်ဖျက်

နောက်ဆုံး ရေးသားချိန် 5 ဇန်နဝါရီလ 2013 - 00:51 GMT
sea fish

ငါးဖမ်းလေလံ စနစ်ကြောင့် ဒေသခံတွေ ထိခိုက်

ရခိုင်ပြည်နယ် အတွင်း ပင်လယ်၊ မြစ်ချောင်း အင်းအိုင်တွေကို ငါးဖမ်းကွက် သတ်မှတ်ပြီး လေလံပစ်တာ ကို ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်ကစပြီး မလုပ်တော့ဘူးလို့ ပြည်နယ် လွှတ်တော်က ဆုံး ဖြတ်လိုက်ပြီ လို့ သိရပါတယ်။

၁၉၈၈ တပ်မတော် အစိုးရ အာဏာရချိန် ကစပြီး ရခိုင်ပြည်နယ် အတွင်း ပင်လယ် မြစ်ချောင်း အင်းအိုင်တွေကို ငါးဖမ်းကွက် လုပ်ကွက်တွေ အပိုင်းလိုက် သတ်မှတ်ကာ စီးပွားရေး လုပ်ငန်းရှင်တွေကို နှစ်အလိုက် လေလံပစ် ဌားရမ်း လုပ်ကိုင်ခွင့် ပြုတဲ့ စနစ်ကို လာမယ့် ဘဏ္ဍာရေးနှစ် ကစပြီး ကင်းလွတ်ခွင့်ပြုဖို့ ရခိုင်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ရေပြင် ငါးဖမ်းကွက်တွေကို လေလံ ပေးတဲ့ စနစ်ကြောင့် ဒေသခံ ရခိုင် ငါးဖမ်းသမားတွေ အကြီးအကျယ် ဆင်းရဲဒုက္ခ ရောက်ခဲ့ ပါတယ်။

လေလံ စနစ်ကြောင့် ငါးဖမ်းသမားတွေ အနေနဲ့ လွတ်လပ်စွာ ငါးဖမ်းခွင့် မရတော့ဘဲ လေလံရသွားတဲ့ စီးပွားရေး သမားတွေဆီမှာ ငါးဖမ်းလှေ တစီးကို ပိုက်ဆံ ဘယ်လောက်၊ ငါးဖမ်းပိုက် တလက်ကို ဘယ်လောက် စသည်ဖြင့် ပိုက်ဆံတွေ ပေးသွင်းပြီး ငါးဖမ်းခဲ့ကြရပါတယ်။ ဒေသခံ ရခိုင်ပြည်သူတွေ မြစ်ချောင်းထဲ ဆင်းပြီး တနပ်စာ ငါးရှာစားလို့ မရတဲ့ အထိ ဖြစ်နေကြရပါတယ်။

ခုလို လေလံပေးတဲ့ စနစ်ကို ဖျက်သိမ်းလိုက်တဲ့ အတွက် ကြိုဆိုတယ်လို့ ဒေသတွင်း လူမှုရေး လှုပ်ရှားသူ ဦးကောင်းစံလှက ပြောပါတယ်။

ဒီလို လွှတ်တော်က ရေလုပ်ငန်း လေလံ စနစ်ကို ဖျက်သိမ်းလိုက်တဲ့ အတွက် ငါးလုပ်ငန်းရှင်တွေ ရေလုပ်ငန်း ဦးစီးဌာနကိုသာ အခွန်ဆောင် ကြရတော့မှာ ဖြစ်ပြီး ရခိုင် ပြည်သူတွေ ဧပြီလက စပြီး မြစ်ချောင်း အင်းအိုင်တွေမှာ ယခင်လို လွတ်လပ်စွာ ငါးဖမ်းခွင့် ရကြတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။