BBC navigation

တိုင်းရင်းသားတွေ အတွက် လွတ်လပ်ရေး အရသာ

နောက်ဆုံး ရေးသားချိန် 4 ဇန်နဝါရီလ 2013 - 15:39 GMT
Khun Tun Oo

NED ဆုကို ဦးခွန်ထွန်းဦးရယူစဉ်

၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့ဟာ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

လွတ်လပ်ရေး နေ့ ၆၅ နှစ် ပြည့်မြောက်တဲ့ နေ့မှာ ကချင်ပြည်နယ်မှာတော့ အလွန်ပြင်းထန်တဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေပါတယ်။

ပြည်တွင်းစစ်ကို တိုက်လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ပွဲဆင်နွှဲနေတာ ဖြစ်ပါတယ်။

ဒီတော့ လွတ်လပ်ရေးသက်တမ်း ၆၅ နှစ်ဟာ တိုင်းရင်းသားတွေ အတွက် ဘယ်လို နိုင်ငံရေး အဓိပ္ပါယ် ထွက်ပါသလဲ။ သာမန် အရပ်သား တိုင်းရင်းသားတွေ အတွက် လွတ်လပ်ရေးရတာနဲ့ မရတာ ဘာတွေကွာခဲ့ပါသလဲ။

ဝါရင့် တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးကတော့ တိုင်းရင်းသားတွေ အတွက် လွတ်လပ်ရေးဟာ ကိုလိုနီ လက်ပြောင်းလက်လွဲ လုပ်သွားတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ အတူတကွ လွတ်လပ်ရေး ရယူခဲ့ကြပေမဲ့ လွတ်လပ်ရေးကို မြေပြန့်နေ မြန်မာလူမျိုးတွေသာ ရပြီး တိုင်းရင်းသားတွေ မရခဲ့ဘူးလို့ ဆိုပါတယ်။

ဗြိတိသျှ ကိုလိုနီ လက်အောက်ကလွတ်ပြီး မြန်မာ အစိုးရရဲ့ ကိုလိုနီဖြစ်သွားခဲ့တယ်လို့ တချို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ယူဆကြောင်း သူက ပြောပြပါတယ်။

တိုင်းရင်းသား တချို့နဲ့ အပစ်အခတ်ရပ်စဲ သွားချိန်မှာ ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်ပွားနေတာဟာ အစိုးရရဲ့ တိုင်းရင်းသားတွေအပေါ် ဆက်ဆံပုံ မညီမျှတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။

SSA-RCSS ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့လည်း စစ်ပွဲတွေ ဆက်လက် ဆင်နွှဲနေပြီး၊ အစိုးရဟာ တဖွဲ့ပြီး တဖွဲ့ ဆက်လက် ချေမှုန်းသွားမယ်လို့ သူယူဆသုံးသပ်ကြောင်းလည်း ပြောပါတယ်။

တိုင်းရင်းသား အားလုံး လိုလားတာဟာ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ဖြစ်ပြီး ဒီလိုလားချက်ကို အစိုးရကလည်း သိမြင်နားလည်ပါလျက်နဲ့ ဘာ့ကြောင့် စစ်ပွဲ ဆင်နွှဲနေတယ်ဆိုတာ သူနားမလည် နိုင်ဘူးလို့လည်း ပြစ်တင် ဝေဖန်သွားပါတယ်။

ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်ဟာ ၂၀၀၈ အခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲတို့ကို ထောက်ခံခဲ့ပေမဲ့ ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ကချင်ပါတီ ထူထောင်ခွင့် မပြုခဲ့ပါဘူး။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။