BBC navigation

Spitfire လေယာဉ်ရှာ အဖွဲ့ ရန်ကုန်သွား

နောက်ဆုံး ရေးသားချိန် 4 ဇန်နဝါရီလ 2013 - 22:38 GMT
spitfire

ပျံသန်း နိုင်တဲ့ အခြေအနေ ရှိမယ် မျှော်လင့်

ရန်ကုန် လေယာဉ်ကွင်းမှာ မြှုပ်နှံထားခဲ့တယ်လို့ ယူဆရတဲ့ ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှာဖို့ အပျော်တမ်း ရှေးဟောင်း သုတေသီ ဗြိတိသျှ လယ်သမား တဦးရဲ့ ရှာဖွေရေး အဖွဲ့ ရန်ကုန်ကို စနေနေ့မှာ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ဘယ်လာရုစ် ဗီဒီယိုဂိမ်း ကုမ္ပဏီ တခုက ထောက်ပံ့တဲ့ ဒေါ်လာတသန်း အရင်းတည်ပြီး ဒုတိယ ကမ္ဘာစစ်အပြီးက အမေရိကန် အင်ဂျင်နီယာတွေ မြှုပ်ထားခဲ့တဲ့ စပစ်ဖိုင်းယား တိုက်လေယာဉ်တွေ ဒါဇင်နဲ့ချီပြီး တူးဖော်မယ်လို့ သိရပါတယ်။

စပစ်ဖိုင်းယား လေယာဉ် ဝါသနာရှင်တွေ လောကမှာတော့ ဒီလို အစုအပြုံလိုက် တူးဖော်မှုဟာ အီဂျစ်က တူတန်ခမန် ဘုရင်ရဲ့ သင်္ချိုင်းဂူ ရှာတာနဲ့ တူတယ်လို့ ဦးဆောင်သူ ဒေးဗစ် ကန်ဒဲလ်က လန်ဒန် လေဆိပ်မှာ သောကြာနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

၃၆ စင်း ရှိမယ်လို့ ထင်တာထက်ကို ၂ ဆ တိုးပြီး တွေ့နိုင်တယ် လို့လဲ သူက ပြောပါတယ်။

အဲဒီ တိုက်လေယာဉ်တွေဟာ လုံးဝ အသုံးမပြုရ သေးတဲ့ အသစ် စက်စက် လေယာဉ်တွေ ဖြစ်ပြီး ပို့တဲ့ ကုန်သေတ္တာကြီးတွေ ထဲမှာပဲ အဲဒီအတိုင်း လေယာဉ် ပြေးလမ်း အဆုံး တွင်းကြီးတွေ ထဲမှာ မြှုပ်နှံထားတာ ဖြစ်တဲ့ အတွက် ပျက်စီး ယိုယွင်းမှု ရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရ ပါတယ်။

သံတိုသံစ အနည်းအကျဉ်းလောက် ရပြီး ပြန်လာရတာမျိုးလဲ ဖြစ်နိုင်တယ်လို့ ပညာရှင်တချို့က မှန်းဆ ကြပေမယ့် ကောင်းကင် မြေပုံ၊ ရေဒါ စနစ်နဲ့ ရှာဖွေမှု စတာတွေအပြင် ဒေသခံ လူကြီးတွေနဲ့ အမေရိကန် ဗြိတိသျှ စစ်ပြန်ကြီးတွေရဲ့ ပြောကြားချက် တွေအရ ဒီနေရာမှာ လေယာဉ်တွေ ရှိရမယ်လို့ မစ္စတာ ကန်ဒဲလ်က ယုံကြည် နေပါတယ်။

လေယာဉ်တွေ ရှိနိုင်တယ် လို့တွက်ဆ ကြတဲ့ နေရာ တချို့ ထဲက သူတို့ ထုတ်ဖော် ပြောတဲ့ တနေရာ က တော့ မင်္ဂလာဒုံ တဝိုက်မှာ ရှိတဲ့ အရင် ဗြိတိသျှ လေတပ် စခန်းဟောင်း နေရာ ဘက်မှာ ဖြစ်ကြောင်း ရှာဖွေရေး အဖွဲ့မှာ ပါ၀င်တဲ့ ဘူမိရူပဗေဒ ပညာရှင် ဒေါက်တာ ရော်ဂျာ ကလပ် က ပြောပါတယ်။

၁၉၄၀ ပြည့်လွန် ကာလတွေ အတွင်း ဗြိတိန်နိုင်ငံ ကာကွယ်ရေး စနစ် အောင်မြင်မှု ရခဲ့တာဟာ ဒီ Spitfire တိုက်လေယာဉ်တွေကြောင့် ဖြစ်ပြီး Spitfire တိုက်လေယာဉ် ကို အမှတ် တရ လက်ဝယ်ထား စုဆောင်း လိုသူတွေ အတော် များများ ရှိနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။