BBC navigation

ကေအိုင်အေလက်က အစိုးရတပ်သားတွေ ပြန်ခေါ်ဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေ ကြိုးပမ်း

နောက်ဆုံး ရေးသားချိန် 5 ဇန်နဝါရီလ 2013 - 16:50 GMT
ko ko gyi

၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့က ဦးကိုကိုကြီး နဲ့ ကိုမြအေး

ကချင်ပြည်နယ် လိုင်ဇာမြို့ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုမြအေး နဲ့ အဖွဲ့က အဲဒီ လိုင်ဇာ ကေအိုင်အေ စခန်းမှာ ရှိနေတဲ့ မြန်မာ အစိုးရ စစ်သား ၃၀ ကို ပြန်လည် ခေါ်ယူ နိုင်ဖို့ စီစဉ် နေပါတယ်။

အဲဒီ လို စီစဉ် ဆောင်ရွက် နေကြရာမှာ ဘယ်အဆင့်ကို ရောက်နေပြီလဲ။ ဘယ်သူတွေနဲ့ ဆက်သွယ် ဆောင်ရွက် နေပါသလဲ ဆိုတာကို သိရဖို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးကိုကိုကြီး ကို ဆက်သွယ် မေးကြည့်တော့ ၈၈ မျိုးဆက် ကျောင်းသားများ အနေနဲ့ အခုလို လိုင်ဇာကို သွားတဲ့ အချိန်နဲ့ စစ်ရေး အရှိန်မြင့်လာချိန် တိုက်ဆိုင် နေကြောင်း၊ အဲဒါကို စိုးရိမ်လို့ ဖြစ်နေတဲ့ အခြေအနေ တွေကို အနီးကပ် လေ့လာပြီး စစ်ရှိန် လျှော့ချ နိုင်ဖို့ သွားတာ ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီကို ရောက်နေချိန်မှာ ကေအိုင်အေ လက်ထဲ ရောက်နေတဲ့ အစိုးရ စစ်သား တွေကို ပြန်လွှဲပေးဖို့ ကမ်းလှမ်း လာတဲ့ အခါမှာ အဲဒါကနေ အပြု သဘော ဆောင်တဲ့ ရလဒ်တွေ ထွက်လာဖို့ အသေးစိတ် ညှိုနှိုင်း ဆောင်ရွက် နေတဲ့ အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး အခုလို လွှဲပြောင်းရာမှာ စနစ်တကျ လွှဲပြောင်း ပေးနိုင်ဖို့ အဲဒီ လူတွေ ဘယ်တပ်ဖွဲ့တွေက ဆိုတာကို ကိုယ်ပိုင်နံပါတ်၊ ရာထူး အဆင့်အတန်း နဲ့ တကွ စနစ်တကျ စုဆောင်း ထားဖို့ အကြောင်းကြား ထားပြီး ဖြစ်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး မြန်မာ အစိုးရ ဘက်က တာဝန် ရှိသူတွေကိုလည်း အကြောင်းကြား ထားပြီး ဖြစ်ကြောင်း၊ အဲဒီကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်သွား နိုင်ဖို့ အထိ ဆက်ပြီး ကြိုးစား နေကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။ အဲဒီလူတွေကို ပြန်ခေါ်လာတဲ့ အခါမှာ သူတို့ရဲ့ လုံခြုံရေး နဲ့ ပတ်သက်လို့လည်း စဉ်းစား ထားတဲ့ အကြောင်းပါ ပြောပါတယ်။

အစိုးရနဲ့ ကေအိုင်အို တို့ အကြားက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အတွက် ၈၈ မျိုးဆက် ကျောင်းသားတွေ ဘက်က ဘာတွေ ဆောင်ရွက် ပေးနိုင်မလဲ ဆိုတာကိုတော့ အခု ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖို့ ဆိုတာ ကာကယံရှင်တွေ ကိုယ်တိုင် ဆွေးနွေးဖို့ လိုတဲ့အကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားတွေ ဘက်ကတော့ စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို လျှော့ချ ပေးနိုင်ဖို့ တဘက်တလမ်းက ဝင်ပြီး ဆောင်ရွက် ပေးနေတာ ဖြစ်ကြောင်း၊ ဒီ့ထက် ပိုပြီး အခွင့်အလမ်း ရရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်စဉ်တွေ အထိပါ ဆက်ပြီး တိုက်တွန်း အားပေး သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့ရဲ့ ကဏ္ဍက အစိုးရဆီ အထိ ပေါက်ရောက် နေပြီလား။ ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောလာတဲ့ အခါ အစိုးရက နားထောင်မလား ဆိုတာကိုတော့ အတတ်နိုင်ဆုံး ကြိုးစား နေတဲ့ အကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာဟာ အင်မတန် သိမ်မွေ့တဲ့ အတွက် စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ သတင်းနဲ့ သဘောထား အချက်အလက် တွေကို ပြည့်ပြည့်စုံစုံ အများကြီး လေ့လာသွားဖို့ လိုတဲ့ အကြောင်းနဲ့ ဒါကြောင့်လည်း ၂ ဘက်စလုံးက အသံ တွေနဲ့ ဖြစ်နေတဲ့ အခြေအနေ တွေကို ဒီထက်ပိုပြီး သိနိုင်ဖို့ ကြိုးစား နေတဲ့ အကြောင်း ဖြေကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။