BBC navigation

ထိုင်းမြန်မာ ဆက်ဆံရေး ပြောင်းလဲတိုးတက်လာ

နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2013 - 23:30 GMT

ထိုင်းမြန်မာ ဆက်ဆံရေး ဘာသာရေးမှာပါ သိသိသာသာ တိုးတက်လာ

မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရအကြားမှာ အခုဆိုရင် နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ နားလည်မှုတွေ တိုးတက်မှု ရှိရုံတင်မက ဘာသာရေး အပိုင်းမှာလည်း ရင်းနှီး ပွင့်လင်းမှုတွေ ထူးခြား တိုးတက်မှုတွေ ရှိလာပြီး ထိုင်း ဆရာတော်တပါးကို မြန်မာနိုင်ငံ ကနေပြီးတော့ အဂ္ဂမဟာပဏိတ ဘွဲ့ချီးမြင့် ဆက်ကပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအစိုးရ သံရုံးကနေပြီးတော့ မနေ့က နေ့စွဲနဲ့ သတင်းထုတ်ပြန် ရေးသား ထားပါတယ်။

တကယ်တမ်းကော ဒီနှစ်နိုင်ငံ ဆက်ဆံရေးဟာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ထဲမှာ အပြောင်းအလဲတွေ တိုးတက်မှုတွေ ဘယ်လောက်ထိရှိလဲ၊ ဘာသာရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သိသိသာသာ ဘာတွေ လုပ်လာနိုင်လဲ ဆိုတာကို ချင်းမိုင်မှာ နေထိုင် နေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆက်သွယ်မေးမြန်းပြီး ကြည့်တော့ ပိုပြီး လွတ်လပ် လာတယ်လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက အလည်အပတ် လာရောက်ပြီးတဲ့ နောက်ပိုင်း ထိုင်းအာဏာပိုင်တွေရဲ့ မြန်မာ အပေါ်ထားရှိတဲ့ သဘောထားတွေ ဆက်ဆံရေးတွေ ပြောင်းလဲလာတယ် အဓိက ဖော်ရွေမှုတွေ ရှိလာတယ်လို့ ထိုင်းရောက် မြန်မာ တချို့က ဆိုပါတယ်။

နောက်ပြီးတော့ မကြာသေးခင်က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်းနဲ့ ပက်သက်ပြီး ထိုင်းနဲ့ မြန်မာ အကြား ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုလည်း ပြေလည်သွားပြီး အဲဒီကျောင်းမှာ မြန်မာ ကျောင်းထိုင် ဆရာတော်တွေ ဆက်လက် တာ၀န်ယူ သွားဖို့ပါ ထိုင်းအစိုးရက သဘောတူ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒါအပြင် သာရေး၊ နာရေးအပိုင်းမှာပါ ကူညီမှု ပေးလာတာကို တွေ့ရတယ်လို့ ချင်းမိုင်က စေတနာ့ နာရေးညီမှုအသင်းက အတွင်းရေးမှူးလဲဖြစ် မြန်မာ၀ပ်ဆိုင်းမွန်း ကျောင်းကိုလည်း စဉ်ဆက်မပြတ် တက်ရောက်တဲ့ ဒကာမ တဦးလည်းဖြစ်တဲ့ မမီးမီးက ထိုင်းအာဏာပိုင်တွေရဲ့ ပူးပေါင်းမှု ၊ ဆက်ဆံမှုကို ပြောပြခဲ့ပါတယ်။

နောက်ပြီးတော့လည်း အခုဆိုရင် ဘာသာရေးအရ လွတ်လပ်မှုနဲ့ ယဉ်ကျေးမှုအရ အရင်လို အကြောက်အလန့် မရှိရပဲနဲ့ ပွဲလမ်း သဘင်တွေကိုပါ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးလာပြီး ထိုင်းအာဏာပိုင်တွေ ကိုယ်တိုင် ပူးပေါင်းမှုရှိလာတယ်လို့ သိရပါတယ်။

အရင်ကဆိုရင် မြန်မာလူမျိုးတွေကျင်းပတဲ့ ပွဲလမ်းသဘင်တိုင်းလိုလိုမှာ ထိုင်းရဲတွေက မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့လို့ မြန်မာလူမျိုးတွေအနေနဲ့ ပွဲသွားကြည့်ဖို့ ထိတ်လန့်ကြရတယ် အခုတော့ အဲလိုမဟုတ်တော့ဘူးလို့ ချင်းမိုင် ၀မ်းဆိုင်းမွန်း ကျောင်းကို အမြဲလိုလို သွားဖြစ်တဲ့ စိုင်းအောင်ကလည်း ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေ ဘက်ကနေပြီး အခုလို မြန်မာရိုးရာ ပွဲလမ်းသဘင် တွေမှာပါ ပူးပေါင်း ဆောင်ရွက် လာသလို မြန်မာ အလုပ်သမားအခွင့်အရေးတွေ နဲ့ပက်သက်ပြီးတော့လည်း ထည့်သွင်း စဉ်းစားပေးဖို့လည်း လိုအပ်သေးတယ်လို့ မမီးမီးကပြောပါတယ်။

တကယ့် တကယ်ကျတော့ မြန်မာအလုပ်သမား အများစုက မှတ်ပုံတင်နဲ့ နေနေတာလဲရှိသလို မှတ်ပုံတင်မရှိပဲ နေတာလဲ အများကြီးရှိနေသေးတဲ့ အတွက် ဒီနေရာမှာ အလုပ်ခွင် လုပ်ငန်းခွင်တွေမှာ အလုပ်သမားရပိုင်ခွင့် ခံစားခွင့်တွေရဖို့ အခက်အခဲတွေ ရှိသေးတာကြောင့် မို့လို့ နှစ်နိုင်ငံ ချစ်ကြည်ရေးတွေ ပိုပြီးခိုင်မာအောင် ဒီအလုပ်သမား အရေးကိစ္စကိုပါ တိုးတက်အောင် ကြိုးစားပေးသင့်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။