BBC navigation

အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အခွင့်အရေးတောင်း

နောက်ဆုံး ရေးသားချိန် 8 ဇန်နဝါရီလ 2013 - 16:59 GMT
Garment workers in Burma

အထည်ချုပ် စက်ရုံတခုက အလုပ်သမတွေ၊ (File Photo)

လှိုင်သာယာ စက်မှုဇုံ အတွင်းမှာရှိတဲ့ နယူးဝေးအထည်ချုပ်၊ ထိပ်တန်းမြန်မာ အထည်ချုပ်၊ တော်၀င်မြန်မာ အထည်ချုပ်စက်ရုံ အပါအ၀င် စက်ရုံ(၄)ရုံက အလုပ်သမားတွေ လှိုင်သာယာမြို့နယ် အလုပ်သမားရုံးမှာ အလုပ်သမား ရပိုင်ခွင့် အတွက် တောင်းဆို ညှိနှိုင်းနေ ကြပါတယ်။

အလုပ်သမားတွေဘက်က ညှိနိုင်းဆွေးနွေးမဲ့ ကိုယ်စားလှယ်တွေ လာရောက် ပြီးဆွေးနွေးနေတာ ဖြစ်ပါတယ်။

စက်မှုဇုံ (၃) မှာရှိတဲ့ နယူးဝေး အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ကတော့ အလုပ်ပြန်စလုပ်တာ မကြာသေးပေမဲ့ အိုဗာတိုင် အရမ်းခိုင်းတာ၊ အချိန်ပိုကြေးကို စာရင်းနဲ့ မပေးတာတွေကို ပြင်ဆင်ပေးဖို့နဲ့၊ အခြခံလစာတိုးပေးဖို့ အပါ အ၀င် အချက်(၁၂)ချက်ကို တောင်းဆိုထားတယ်လို့ အလုပ်သမတဦးက ဘီဘီစီကို ပြောပါတယ်။

အလုပ်သမားတွေက အခြေခံလစာကို လက်ရှိ ၁၄၀၀၀ ကနေ ငါးသောင်းအထိ တိုးပေးဖို့ တောင်းဆိုနေသလိုပဲ၊ အချိန်ပို လုပ်ရရင် တစ်နာရီကို ဘယ်လောက် ဆိုတာ တိတိကျကျ သတ်မှတ်ပြီး ပေးစေချင်တာ ဖြစ်ပါတယ်။

တောင်းဆိုချက်(၁၂)ကို ညှိနိုင်းတဲ့အခါ (၁၀)ချက် လိုက်လျောပေးတယ်လို့ နယူးဝေး အထည်ချုပ်စက်ရုံ မန်နေဂျာ ဦးအေညွန့်က ဘီဘီစီကို ပြောပါတယ်။ အခြေခံလုပ်ခ တိုးပေးဖို့ ကိစ္စကိုတော့ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ ဖွဲ့ပြီး ဆက် ညှိသွားကြမယ်လို့ သူက ပြောပါတယ်။ အလုပ်ရှင်ကတော့ ကိုရီယားလူမျိုး ဖြစ်တယ်လို့ သိရပါတယ်။

နောက်ကျန်နေသေတဲ့ တော်၀င်မြန်မာ၊ ထိပ်တန်းမြန်မာ၊ ထည်ပေါင်မြန်မာ စတဲ့အထည်ချုပ်လုပ်ငန်း အလုပ်သမားတွေရဲ့ တောင်းဆိုတဲ့အခွင့်အရေးတွေကို အလုပ်သမား ရုံးက လာမဲ့ ဇန်န္နဝါရီ (၁၅) ရက်နေ့မှာ ဆက်ပြီး ညှိနှိုင်းပေးမယ်လို့ သိရပါတယ်။

အလုပ်သမားတွေကတော့ သူတို့ဟာ ဆန္ဒပြနေတာမဟုတ်ဘဲ ရသင့်တဲ့ အခွင့်အရေး တောင်းဆိုတာသာ ဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။