BBC navigation

သန်လျင်နည်းပညာတက္ကသိုလ်ရှေ့ ရုန်းရင်းဆန်ခတ်ဖြစ်

နောက်ဆုံး ရေးသားချိန် 10 ဇန်နဝါရီလ 2013 - 17:45 GMT
ABFSU

ကျောင်းသားတွေက အခြေခံဥပဒေ ၂၀၀၈ ကို ကိုင်စွဲလို့ စည်းရုံးခဲ့ပေမယ့် ကျောင်းအာဏာပိုင်တွေက လက်မခံ

သန်လျင်နည်းပညာတက္ကသိုလ်က ကျောင်းသားတွေကို နိုင်ငံရေး အသိအမြင် ပွင့်လင်းဖို့အတွက် မြန်မာနိုင်ငံ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗ-က-သ ရဲ့ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂက စည်းရုံးရေး ဆင်းရာမှာ ကျောင်းအာဏာပိုင်တွေက လက်မခံတဲ့အတွက် အကြီးအကျယ် ပြဿနာတက်ခဲ့ပြီး၊ သတိပေးမှုနဲ့ အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၉ မနက်ပိုင်း ကျောင်းဖွင့်ချိန်မှာ ဗ-က-သ က အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် ကျောင်းသားတွေ အသိအမြင် ကျယ်စေဖို့ လက်ကမ်း စာစောင်တွေ ပေး၊ စည်းရုံးခဲ့ရာမှာ ကျောင်းပေါက်ဝကို ဆရာတွေက ထွက်လာပြီး ဗ-က-သ ကျောင်းသားတွေကို ဒီလို မဆောင်ရွက်ဖို့ တားမြစ်ခဲ့ပြီး စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်း ခဲ့ပါတယ်။

ဆရာဆိုပေမယ့် ဆရာပီပီ မဟုတ်ဘဲ၊ ကျောင်းလုံခြုံရေးနဲ့ ကျောင်းသားတွေ နိုင်ငံရေး မလုပ်နိုင်အောင် စောင့်ကြည့်နေတဲ့ အငြိမ်းစား တပ်အရာရှိဟောင်းတွေကနေ ကျောင်းမှာ ဝန်ထမ်း ပြန်လုပ် နေသူတွေ ဖြစ်တယ်လို့ ဗ-က-သ များ အဖွဲ့ချုပ် ဗဟို လုပ်ငန်း ကော်မတီက တွဲဖက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က ဘီဘီစီကို ပြောပါတယ်။

ကျောင်းဆရာ မဟုတ်တဲ့ ကျောင်းလုံခြုံရေး အရာရှိတွေက စည်းရုံးရေး ဆင်းသူတွေကို စစ်ဖက် လုံခြုံရေး အရာရှိတွေ၊ အထူး စုံစမ်းရေး ဌာနက အရာရှိတွေကို ဖုန်းဆက်သွယ်ပြီး ဖမ်းဖို့ဆီးဖို့တောင် ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ကျောင်းက သက်ဆိုင်ရာ ပါမောက္ခက ကျောင်းသားနဲ့ ဗ-က-သ က တာဝန်ရှိသူတွေကို ခေါ်တွေ့ပြီး၊ ဒါမျိုး ရုန်းရင်းဆန်ခတ် ဖြစ်အောင် ဆောင်ရွက်တာဟာ ကျောင်းသိက္ခာကျတဲ့ အကြောင်း၊ နောက်နောင် တင်ကြို အကြောင်းကြားခဲ့ပါရင် သင့်တော်ပါက ခွင့်ပြုမယ်လို့ ပါမောက္ခက ပြောကြားခဲ့တယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။