BBC navigation

အလုပ်သမားအရေး ကူညီပေးသွားမယ်လို့ သံအမတ်ပြော

နောက်ဆုံး ရေးသားချိန် 12 ဇန်နဝါရီလ 2013 - 02:01 GMT
Burmese workers registering in Thailand

ထိုင်းမှာ အလုပ်အတွက် မှတ်ပုံတင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ

ထိုင်းနိုင်ငံမှာ ဒီနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး သတ်မှတ်လိုက်တဲ့ အလုပ်သမားတယောက် တနေ့ အနိမ့်ဆုံး လုပ်ခ ဘတ် ၃၀၀ ကို မြန်မာနိုင်ငံက လာရောက်ပြီး တရားဝင် အလုပ်လုပ်နေတဲ့ အလုပ်သမား တွေလည်း ရရှိ ခံစားနိုင်ဖို့အတွက် ထိုင်း အစိုးရနဲ့ ညှိနှိုင်း လုပ်ဆောင် ပေးနေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ် ဘာအသိအမှတ်ပြု လက်မှတ်မှ မရှိတဲ့ မြန်မာ အလုပ်သမားတွေကို နိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်ဖို့ကိုလည်း ထိုင်း အစိုးရနဲ့ စကားပြောနေပြီး ထိုင်းအစိုးရ ဝန်ကြီးအဖွဲ့က မကြာခင်ရက်ပိုင်းမှာ ဆုံးဖြတ်ချက်တခုချမှတ်နိုင်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။

အလုပ်သမား လက်မှတ်မရှိသေးတဲ့ မြန်မာတွေ တရားဝင်ဖြစ်အောင် မှတ်ပုံတင်ဖို့ကာလကို နောက်ထပ် သုံးလတိုးပေးဖို့ ထိုင်းအစိုးရဖက်ကလည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ အဲဒီလို မှတ်ပုံမတင်ရသေးပဲ ရှိနေတဲ့ မြန်မာ အလုပ်သမားက တသန်းနီးပါးရှိနေတာ ဖြစ်တဲ့ အတွက် သုံးလနဲ့ အချိန်မလောက်ရင်လည်း ထပ်ပြီး သက်တမ်းတိုးဖို့ စဉ်းစားသွားမယ်လို့ ပြောပါတယ်။

ဒီလို လူတွေကို မြန်မာဖက်က အချိန်မီပြီးအောင် တနေရာထဲမှာ အားလုံး လုပ်နိုင်တဲ့ ဌာနတွေ ထားရှိသွားမှာ ဖြစ်ပြီး ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးသွားမယ်၊ ထိုင်းဖက်ကလည်း ပြည်ဝင်ခွင့် ဗီဇာ နဲ့ သက်ဆိုင်ရာ အလုပ်အလိုက် အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

ထိုင်းအကျဉ်းထောင်တွေအထဲမှာ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်ရှိနေတာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဌာနကို အကြိမ်ကြိမ် ပြောထားကြောင်းနဲ့ မကြာခင်ပဲ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ရင်တောင် လျော့ပေါ့သက်သာခွင့်တွေ ထုတ်ပြန်ပေးမယ်လို့ ယူဆရကြောင်း သံအမတ်ကြီး ဦးတင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။