BBC navigation

လက်ပံတောင်းတောင် စီမံကိန်းစာချုပ် ပြန်စစ်မယ်

နောက်ဆုံး ရေးသားချိန် 11 ဇန်နဝါရီလ 2013 - 16:15 GMT
ladpadaung protest

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းဖို့ ဆန္ဒပြသူကို ရဲတွေက ဝိုင်းဖမ်းနေကြတာပါ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် အစိုးရ၊ စစ်တပ်ပိုင် စီးပွားရေး ဦးပိုင်နဲ့ တရုတ် ကုမ္ပဏီတို့ ချုပ်ထားတဲ့ စာချုပ်တွေကို ပြန်စစ်မယ်လို့ စီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြမှုတွေအပြီး ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

သတ္ထုတွင်းလုပ်ငန်းပိုင်းအတွက် ဦးစိုးမရ၊ ဥပဒေပညာရှင်အတွက် ဒေါ်သန်းနွဲ့တို့ကို သမ္မတဦးသိန်းစိန်က ခန့်ထားပေးခဲ့ပြီး၊ သူတို့က ပညာရှင်အနေနဲ့ စစ်ဆေးပြီး မှတ်ချက်ပေးမယ်၊ မှတ်ချက်ပေါ် မူတည်ပြီး စီမံကိန်း အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ကော်မရှင် အဖွဲ့ဝင် ပုလဲမြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ဘီဘီစီကို ပြောပါတယ်။

စစ်တပ်က ပိုင်ဆိုင်တဲ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ တရုတ်ကုမ္ပဏီ ဝမ်ပေါင်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ မုံရွာမြို့တဖက်ကမ်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းလိုက်ဖို့ အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီးနောက် ဆိုင်ရာက အကြမ်းဖက် ဖြိုခွဲမှုအပြီးမှာ သမ္မတဦးသိန်းစိန်ရဲ့ ဖွဲ့စည်းပေးမှုနဲ့ ပေါ်ပေါက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းရေးကော်မရှင်ဟာ ဦးပိုင်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနဲ့ ဇန်နဝါရီ ၉ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲ အသေးစိတ်ကို အခုထက်ထိ မသိရသေးပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ဟာ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ စီးပွားရေး ဦးပိုင်ကို မေးစရာ ရှိတာတွေ မေးမြန်း စစ်ဆေးနိုင်ခဲ့တယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

စီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲပြီးနောက် သံဃာတော်တွေနဲ့ ဒေသခံပြည်သူတချို့ မီးလောင်ကျွမ်း ဒဏ်ရာရခဲ့ပြီးနောက်မှာ ပြည်တွင်းပြည်ပ ဆေးရုံတွေကို တင်ပို့ခဲ့ရမှာ အခုတော့ တချို့လည်း သက်သာလာလို့ ဆေးရုံက ဆင်းကုန်တာ ရှိသလို တချို့လည်း ဆက်လက် ကုသနေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။