BBC navigation

လက်ပံတောင်းတောင် ပတ်ဝန်းကျင်ထိခိုက်ပေမယ့် လူထုကို ထိခိုက်နိုင်တာမျိုးမတွေ့

နောက်ဆုံး ရေးသားချိန် 12 ဇန်နဝါရီလ 2013 - 01:46 GMT

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေသားတူးပြီးစွန့်ပစ်တာကြောင့် ဖြစ်တဲ့ သဘာဝဝန်းကျင် ထိခိုက်မှုတွေ ရှိပေမယ့် ပြည်သူကို ထိခိုက်စေနိုင်တဲ့ မြေထု ရေထု အဆိပ်သင့်တာမျိုး ထင်ထင်ရှားရှား မတွေ့ရဘူးလို့ အဲဒီဒေသမှာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဘူမိသိပ္ပံပညာရှင် ဦးစိုးသူရထွန်းက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုနေကြတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် စုံစမ်းစစ်ဆေးရေးကော်မရှင်က မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဘက်စုံထောင်စုံက လေ့လာနိုင်အောင် ပညာရှင်တွေ ခန့်ထားတယ်လို့ သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနေ့က မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီ ဥက္ကဌ နဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။

ဒီကြေးနီစီမံကိန်းကြောင့် သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှုတွေနဲ့ပတ်သက်လို့ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးစေခဲ့ရာမှာ ဒီအဖွဲ့က သူတို့ရဲ့ တွေ့ရှိချက် ပဏာမအစီရင်ခံစာကို သောကြာနေ့က စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တွေ့ဆုံတင်ပြခဲ့တာဖြစ်ပါတယ်။

သဘာဝ၀န်းကျင်နဲ့ မြေထု မြေအောက်ရေထုအပေါ်ထိခိုက်မှု၊ လေထုသန့်ရှင်းမှု၊ ဒေသခံတွေရဲ့ လူမှူစီးပွားရေး အခြေအနေ နဲ့ ဒီစီမံကိန်းလုပ်ငန်းရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ စီမံခန့်ခွဲမှုစံနစ် စတာတွေကို အဓိကထားလေ့လာခဲ့တယ်လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

ပတ်ဝန်းကျင်နဲ့ပတ်သက်လို့ သူတို့လေ့လာတဲ့ လက်ပံတောင်းတောင်မှာ ပုံမှန်ဖြစ်လေ့ရှိတဲ့ မြေသားတူးထုတ်ပြီး မြေကြီးစုပုံတာကြောင့် ဖြစ်တဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေရှိပေမယ့် လူထုအပေါ်မှာ တိုက်ရိုက် အများကြီး ထိခိုက်မှုမျိုး မရှိသေးဘူးလို့ သူ့အနေနဲ့ ယူဆကြောင်း ပြောပါတယ်။

ဒါပေမယ့် အရင်ရှိပြီးသား စပယ်တောင် ကြေးစင်တောင်စတဲ့ စီမံကိန်းကြီးတွေ ရှိရာ ကျေးရွာတွေရဲ့ မြေအောက်ရေတွေမှာ သုံးစွဲလို့ မရအောင် အရသာပျက်စီးနေတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါတွေဟာ အဲဒီစီမံကိန်းတွေကြောင့်လား၊ ဒီအရင် စီမံကိန်းတွေကြောင့်လား၊ ဒေသခံတွေရဲ့ အရင် လုပ်ငန်းတွေကြောင့်လားဆိုတာ ချက်ချင်းတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

နောက်တပတ်လောက်မှာ အပြီးသတ် အစီရင်ခံစာတင်ဖို့ ပြင်ဆင်နေပါတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။