BBC navigation

Online ဆွေးနွေးမှုတွေ ထုတ်ပြန်ဖို့ လွှတ်တော် တိုက်တွန်း

နောက်ဆုံး ရေးသားချိန် 11 ဇန်နဝါရီလ 2013 - 16:05 GMT

ကချင်ဒေသအရေး ပြေလည်အောင် ဆွေးနွေးဖို့ ပြည်သူ့ လွှတ်တော်က တိုက်တွန်းလိုက်

KIO ကချင် လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ အခက်အခဲ ရှိနေချိန်မျိုးမှာ Electronic Online ကနေ ဆွေးနွေးမှု တွေကို ထင်သာမြင်သာ ရှိအောင် ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော်က တိုက်တွန်းကြောင်း ကြေညာချက် တရပ် ထွက်ပေါ်လာပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ တိုက်တွန်းချက် ဆိုပြီး ထွက်ပေါ်လာတဲ့ ဒီကြေညာချက်ထဲမှာ ကချင်ဒေသ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လူချင်း တွေ့ဆုံ ညှိနှိုင်းရာမှာ အခက်အခဲ တွေ့နေချိန်မျိုးမှာ ပွင့်လင်းမြင်သာတဲ့ Electronic Online ဆွေးနွေးမှုတွေကို အများပြည်သူ ထင်သာမြင်သာ ရှိအောင် ထုတ်ပြန်ပေးဖို့၊ ပြည်သူ့ဆန္ဒကို အလေးထားတဲ့ ဆွေးနွေးမှုတွေနဲ့အတူ စစ်ရေး တင်းမာမှုတွေ လျှော့ချပေးဖို့ ဆိုပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီနဲ့ KIO/KIA နှစ်ဖက်လုံးကို တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

ဒီနေရာမှာ Electronic Online ဆွေးနွေးမှုဆိုတာ ဘာကို ဆိုလိုသလဲ ဆိုတာ ကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။

ပြည်သူ့လွှတ်တော်ကနေ အဲဒီလိုတိုက်တွန်းဖို့ အဆိုကို ပြည်သူ့လွှတ်တော် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မီတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်က အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့တာပါ။

ဒါပေမယ့် ပြည်သူ့လွှတ်တော်ရဲ့ ဒီတိုက်တွန်းချက်ဟာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြတဲ့ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့ကိုသာ တိုက်တွန်းထားပြီး လက်ရှိ ထိုးစစ်တွေ ဆင်နေတဲ့ တပ်မတော်ကို တိုက်တွန်းထား တာမျိုးတော့ မတွေ့ရပါဘူး။

တကယ်တော့ ဒီတိုက်တွန်းချက်ဟာ အစိုးရရဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတဲ့ မူဝါဒနဲ့ ဘာမှ ခြားနားမှု မရှိဘဲ ဘယ်လိုပုံစံနဲ့ ဆွေးနွေးမှုတွေ ဖြစ်လာအောင် လုပ်မလဲ ဆိုတဲ့ သဘောထား တခုသာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးက ပြောပါတယ်။

လတ်တလောမှာတော့ အစိုးရဖက်က KIOနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တံခါး ဖွင့်ထားပါတယ်လို့ ဆိုနေပြီး KIO ဖက်ကတော့ သူတို့ဌာနချုပ် လိုင်ဇာနဲ့ အနီးတဝိုက်နားအထိ တပ်မတော်ရဲ့ ထိုးစစ်တွေ ရှိနေတဲ့အတွက် ဒီဇင်ဘာလ အတွင်းက နှစ်ဖက် တွေ့ဆုံဖို့ အစိုးရဘက်က ကမ်းလှမ်းလာချက်ကို လက်မခံ နိုင်သေးဘူးလို့ ဆိုနေပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။