BBC navigation

ကရင်နှစ်သစ်ကူး အထိမ်းအမှတ်နေ့ ကျင်းပ

နောက်ဆုံး ရေးသားချိန် 12 ဇန်နဝါရီလ 2013 - 16:06 GMT

KNU နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရအကြား အပစ်ရပ်ရေး ပဏာမ သဘောတူချက် ရခဲ့ကြ

ဇန္နဝါရီလ ၁၂ရက်နေ့ဟာ ကရင်လူမျိုးတွေရဲ့ ၇၅နှစ်မြောက် နှစ်သစ်ကူးနေ့ ဖြစ်တာမို့ မြန်မာနိုင်ငံတဝှမ်းမှာ ကရင်နှစ်သစ်ကူး အခမ်းအနားတွေ ဆင်နွှဲခဲ့ကြပါတယ်။

ရန်ကုန်မြို့ အလုံမြို့နယ်မှာ ကျင်းပတဲ့ ကရင် နှစ်သစ်ကူးနေ့ အခမ်းအနားပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ KNU ကရင် အမျိုးသား အစည်းအရုံး ဗဟိုကော်မီတီဝင် ပဒို မန်းငြိမ်းမောင် ကတော့ ဒီနှစ် နှစ်သစ်ကူးနေ့ဟာ ခါတိုင်းနှစ်တွေနဲ့ မတူ ထူးခြားတဲ့ နှစ်သစ်ကူးနေ့ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့ KNU အကြား အပစ်အခတ် ရပ်ရေး ပဏာမ သဘောတူနိုင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေး ရှေ့ဆက်သွားဖို့ အားယူပြင်ဆင် နေတဲ့ ဒီလို ကာလမျိုးမှာ KNU ရဲ့ ရုန်းကန် လှုပ်ရှားခဲ့မှု သမိုင်းကြောင်းကို မျိုးဆက်သစ် လူငယ်တွေကို ပြန်လည် ရှင်းပြနိုင်ခဲ့တဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်က ကရင် မိဘ ဘိုးဘွား ခေါင်းဆောင် တွေဟာ ကရင် အမျိုးသားတွေရဲ့ အခွင့်အရေးကို ကရင့်သွေး တစက်မှ မကျပဲ အရယူမယ် ဆိုတဲ့ မူကို ချမှတ်ခဲ့ကြကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းပြီး ကရင့် အမျိုးသားတွေရဲ့ အခွင့်အရေးကို ဥပဒေဘောင်အတွင်းကနေ တောင်းဆိုသွားဖို့ မျှော်မှန်းခဲ့ကြကြောင်း၊ ဒါပေမယ့် မျှော်မှန်းထားသလို အခွင့်အရေးတွေ မရခဲ့တဲ့အတွက် လက်နက်ကိုင် တော်လှန်ရေးကို မလွှဲမရှောင်သာ လုပ်ခဲ့ရကြောင်း ကို ရှင်းပြခဲ့တယ်လို့ ပဒို မန်းငြိမ်းမောင်က ပြောပြပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် သဝဏ်လွှာ တစောင် ပေးပို့ခဲ့ပြီး ကရင်အမျိုးသားတွေအနေနဲ့ မိမိတို့အရေး၊ မိမိတို့ ကံကြမ္မာကို ကိုယ်တိုင် ပြဌာန်းနိုင်မယ့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အပြောင်းအလဲများစွာကို ကိုယ်တိုင် အားထုတ် ပါဝင် ဖန်တီးနိုင်ကြဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။