BBC navigation

ရဟတ်ယာဉ်ပျက်မှု နှစ်ဘက် အပြန်အလှန်ပြော

နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2013 - 15:56 GMT
Kachin Fighting Protest

ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ ဇန်နဝါရီ ၁၁ က ကချင်စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြကြသူများ

ကချင်ပြည်နယ်မှာ အစိုးရတပ်ဘက်က ထိုးစစ်ဆင်နေတုန်းမှာ စစ်တပ်ရဲ့ ရဟတ်ယာဉ်တစင်း ပြီးခဲ့တဲ့ သောကြာညနေပိုင်းက ပျက်ကျခဲ့တာမှာ အရာရှိနှစ်ဦးနဲ့ တပ်ကြပ်ကြီးတဦး သေဆုံးခဲ့တာမှာ အစိုးရဘက်ကတော့ စက်ချို့ယွင်းလို့ ပျက်ကြတာပါလို့ ပြောပြီး ကေအိုင်အိုကတော့ သူတို့ ပစ်ချခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။

ရဟတ်ယာဉ်မှူးက ပျက်မကျခင်လေးမှာပဲ မြစ်ကြီးနားလေတပ် အခြေစိုက်စခန်းရဲ့ တာဝါကို သူ့ယာဉ် စက်ချို့ယွင်းကြောင်း သတင်းပို့ခဲ့ပြီး၊ သစ်ပင်တွေထဲ တိုက်မိခဲ့လို့ ယာဉ်ရဲ့ ရှေ့ပိုင်းတခုလုံး ကြေမွပျက်စီးပြီးနောက်မှာ အသက်ဆုံးရှုံးသွားတာပါလို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုရဲ့ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ် ဒေါင်း ကတော့ ရဟတ်ယာဉ်ဟာ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေကို လာတိုက်လို့ ပြန်လည်ပစ်ခတ်ပြီးနောက်မှာ အခုလို ပျက်ကြခဲ့တာပါလို့ ဘီဘီစီကို ပြောပါတယ်။

ဦးရဲထွဋ်ကတော့ ကေအိုင်အိုရဲ့ အပြောကို လက်မခံဘဲ အခုလို အစိုးရတပ်ဘက်က အဆုံးအရှုံး ရှိချိန်မှာ ဝါဒဖြန့်ချိမှုအတွက် အမှတ်ဝင်ယူတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်တွင်း အစိုးရတပ်ဘက်က တိုက်ခိုက်မှုတွေဟာ အစိုးရဘက်က ဓာတုလက်နက်တွေ သုံးတယ်လို့ ကေအိုင်အိုဘက်က စွပ်စွဲမှုတွေလည်း ရှိပါတယ်။ ဂျိမ်းစ် လွမ် ဒေါင်း ကတော့ အခိုင်အမာ ပြောဆိုပြီး ဦးရဲထွဋ်ကတော့ အစိုးရတပ် အနေနဲ့ ဓာတုလက်နက် လုံးဝ မသုံးပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်မှာ နှစ်ပေါင်း ၂၀ ကျော် အရာရှိအဖြစ် အမှုထမ်းခဲ့ဖူးတဲ့ ဦးရဲထွဋ်က သူကိုယ်တိုင် တပ်မှာ သင်တန်းတွေ တက်ခဲ့ဖူးတယ်၊ တပ်မှာရှိတဲ့ စစ်လက်နက်တွေအကြောင်းလည်း သင်ယူခဲ့ရဖူးတယ်၊ ဒါပေမဲ့ ဘယ်တုန်းကမှ ဓာတုလက်နက် ရှိတယ်လို့ မကြားခဲ့ဖူးသလို တွေ့လည်း မတွေ့ဖူးဘူး၊ ကေအိုင်အေဘက်ကသာ စခန်းတွေ လက်လွတ် ဆုံးရှုံးခဲ့ရပြီးနောက်မှာ အခုလို စွပ်စွဲချက်တွေ လုပ်လာတာလို့ ချေပပါတယ်။

အစိုးရတပ်ဘက်ကသာ ဓာတုလက်နက်တွေ သုံးခဲ့ရိုးမှန်ရင် နိုင်ငံတကာက ချက်ချင်း သိနိုင်ပါတယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။

ကေအိုင်အိုရဲ့ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ် ဒေါင်း ကတော့ လက်ရှိမှာ နှစ်ဘက် တိုက်နေကြပေမယ့် လက်ရှိ အစိုးရဟာ သူတို့ရဲ့ အစိုးရပဲ ဖြစ်တယ်၊ ကချင်ပြည်နယ်ဟာလည်း မြန်မာပြည်ထဲမှာပဲ ရှိတယ်၊ ကိုယ်လုပ်တဲ့ ကိစ္စကို မလုပ်ဘူးဆိုပြီး မျက်စိမှိတ် ပြောနေတာကိုတော့ စိတ်မကောင်းဘူးလို့ ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။