BBC navigation

မူဘာရက်ကို ပြန်လည် ရုံးတင် စစ်ဆေးမယ်

နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2013 - 23:16 GMT
Mrbarak Supporter

မူဘာရက်ကို ထောက်ခံသူများ

အီဂျစ် သမ္မတ ဟော်စနီ မူဘာရက်က် ကို ဆန္ဒပြသူတွေ သေဆုံးမှုနဲ့ ထောင်ဒဏ် တသက်ပြစ်ဒဏ် ချမှတ်ထားရာ ကနေ အခုတော့ အယူခံတင်သွင်းလွှာကို လက်ခံပြီး အမှုကို ပြန်လည် စစ်ဆေးဖို့ သဘော တူလိုက်ပြီး ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ အာရပ်ကမ္ဘာမှာ တော်လှန်ရေးတွေ ဖြစ်ပွားခဲ့ပြီး အာဏာရှင် မူဘာရက်ကို လူထုက လမ်းပေါ်ထွက် ဆန္ဒပြပြီး ဖြုတ်ချခဲ့တာဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ ဆန္ဒပြသူ ရာပေါင်းများစွာ ဒဏ်ရာရခဲ့သလို သေဆုံးသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လမှာတော့ မူဘာရက်ကို ဆန္ဒပြသူပေါင်း ၈၅၀ ကိုသေဆုံးအောင် ကြံစည်မှုနဲ့ ထောင်သွင်း အကျဉ်းချခဲ့ပါတယ်။

ဒါကိုတောင် သေဆုံးသူတွေရဲ့ မိသားစုတွေကတော့ မူဘာရက်ကို ဆန္ဒပြသူတွေကို ပစ်မိန့်ပေးမှုနဲ့ တရားမစွဲတဲ့ အတွက် အကြီးအကျယ် စိတ်ပျက်ခဲ့ဖူးပါတယ်။

အခုအခါမှာ သူနဲ့ အတူ အမှုတွဲ အဖြစ် တရားစီရင်ခံခဲ့ရတဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း ဟာဘစ် အယ်လ် အက်ဒ် လီ ရဲ့ အမှုကိုလည်း ပြန်လည် စစ်ဆေးမှာဖြစ်ပါတယ်။

မူဘာရက်ကို ထောက်ခံကြသူတွေကတော့ အခုလို ပြန်လည် စစ်ဆေးမှာကို ကြိုဆို ထောက်ခံကြပါတယ်။

အမှုကို ပြန်လည် စစ်ဆေးရာမှာ အရင်တခါ စစ်ဆေးတုန်းက သက်သေ အထောက်အထားတွေနဲ့ပဲ ပြန်လည် စစ်ဆေးမယ်လို့လည်း ဆိုပါတယ်။ နောက်ထပ် သက်သေ အထောက်အထား အသစ်တွေ ထပ်မံ ဖြည့်စွက်မှာ မဟုတ်ဘူးလို့ မူဘာရက်ရဲ့ ရှေ့နေ မိုဟာမက် အဗ္ဗဒူလ် ရာဇက်က ပြောပါတယ်။

ဒါပေမဲ့ မူဘာရက်ကို စစ်ဆေးရာမှာ ဆန္ဒပြသူတွေ သေဆုံးမှု အတွက် စီရင်တဲ့ အမှုကို ပြန်စစ်ဆေးမှာ ဖြစ်သလို အကျင့်ပျက်လာဘ်စားမှုကိုလည်း ပြန်လည် စစ်ဆေးမှာ ဖြစ်ပါတယ်။

အကျင့်ပျက် လာဘ်စားမှုကို အရင်တခါ စစ်ဆေးခဲ့စဉ်ကတော့ ကွင်းလုံးကျွတ် တရားသေ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီအကျင့်ပျက် လာဘ်စားမှုကို ပြန်လည် စစ်ဆေးရ တာကတော့ တရားလို ရှေ့နေတွေဘက်က တောင်းဆိုချက် ကြောင့် ဖြစ်ပါတယ်။

ဒီအမှုကို ပြန်လည် စစ်ဆေးရာမှာ မူဘာရက် ရဲ့သား ဂမဲလ်၊ အလာ နဲ့ ခရိုနီ စီးပွားရေးသမား ဟူစိန် ဆေလမ် တို့ကိုလည်း ပြန်လည် စစ်ဆေးမှာ ဖြစ်ပါတယ်။

တရားသူကြီးအဖွဲ့သစ်ဟာ မူဘာရက်ကို ပြန်လည်စစ်ဆေးတဲ့အခါ သူ့ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ထည့်သွင်း တွက်ချက်ကောင်း တွက်ချက်လိမ့်မယ်လို့ မူ ဘာရက် ရဲ့ ရှေ့နေကပြောပါတယ်။

မူဘာရက်ကို တရားရုံးက ထောင်ဒဏ်တသက် တရားစီရင် ပြီး ကိုင်ရို ထောင်မှာ ထောင်သွင်း အကျဉ်းချခဲ့ပြီး နောက်မှာ သူ့ကျန်းမာရေး ဆိုးဝါးလာတယ်ဆိုပြီး အကြိမ်ကြိမ် သတင်း ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ခုလောလောဆယ်မှာလည်း အကျဉ်းထောင် ရေချိုးခန်းထဲမှာ ပြီးခဲ့တဲ့လက ချော်လဲခဲ့တဲ့ ဒဏ်ရာနဲ့ စစ်ဆေးရုံပေါ် ရောက်နေတာဖြစ်ပါတယ်။

မူဘာရက်ဟာ အခု အသက် ၈၄ နှစ် ရှိပါပြီ။ အီဂျစ်ကို နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်ခဲ့ပါတယ်။ သူ့ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေး မတိုင်ခင်မှာ သူ့ကို ခြောက်ခါ လုပ်ကြံတာကိုလည်း ခံခဲ့ရဖူးပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။