BBC navigation

လယ်သမားတွေ အမတော်ကြေး ပိုရမယ်

နောက်ဆုံး ရေးသားချိန် 14 ဇန်နဝါရီလ 2013 - 18:32 GMT

၁၀ ဧက လုပ်တဲ့ လယ်သမားဟာ အမတော်ကြေး ကျပ် ၁၀ သိန်း အထိ ရတော့မှာ ဖြစ်ပါတယ်

မြန်မာနိုင်ငံမှာ လယ်သမားတွေ အတွက် စိုက်ပျိုး စရိတ် ချေးငွေကို အခု လက်ရှိ တဧက ကျပ် ၈ သောင်းနှုန်းနဲ့ ထုတ်ချေး နေရာ ကနေ ကျပ် တသိန်း အထိ တိုးမြှင့် ပေးသွား မယ်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဌာနက ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

လက်ရှိ အစိုးရက ထုတ်ချေး နေတဲ့ အမတော်ကြေးငွေဟာ လယ်တဧကကို ကျပ် ၈သောင်းနှုန်းနဲ့ ဆယ်ဧက အထိ အများဆုံး ချေးတာ ဖြစ်ပြီး အခု နှုန်းထား သစ် အရ လာမယ့် မိုးရာသီ ကျရင် ဆယ်ဧက လုပ်တဲ့ လယ်သမားဟာ အမတော်ကြေး ကျပ် ၁၀ သိန်း အထိ ရတော့မှာ ဖြစ်ပါတယ်။

လယ် သုံးလေးဧက ကနေ ဆယ်ဧကလောက် အထိ လုပ်ကြတဲ့ လယ်သမားတွေ အဖို့ ကိုယ်ပိုင် ကျွဲနွားနဲ့ ထွန်ယက် ကိရိယာတွေ ရှိတယ် ဆိုရင်၊ တဧက အတွက် စိုက်ပျိုး စားရိတ်နဲ့ ဓါတ်မြေသြဇာဖိုး အတွက် ငွေတသိန်း ဆိုရင် လုံလောက် ပါတယ်လို့ လယ်သမား တွေဆီ ကနေ အစိုးရ အရန်ဆန် ဝယ်ယူ နေတဲ့ အဖွဲ့ရဲ့ ဥက္ကဌ ဦးအောင်သန်းဦး က ပြောပါတယ်။

ဒါ့အပြင် ကိုယ်ပိုင် ကျွဲနွား၊ ထွန်ယက် ကိရိယာတွေနဲ့ လုပ်ကြတဲ့ လယ်သမားတွေ အနေနဲ့ လယ်ယာမြေ ကိုပစ် ပြီး တခြား အလုပ်တွေကို လျှောက်လုပ်မယ့် အစား စပါး ပိုထွက်အောင် အားစိုက် လုပ်သင့်တယ်လို့ သူက အကြံ ပေးပါတယ်။

ဒါပေမယ့် လယ်သမား အများ အပြားဟာ အရင်နှစ်တွေက သီးနှံ မအောင်တာ၊ ရာသီဥတု ဖောက် ပြန်တာ၊ စတဲ့ ပြဿနာတွေ ကြောင့် အကြွေးတွေ တင်နေ ကြပြီး အမတော်ကြေးဟာ စိုက်ပျိုး စရိတ် အတွက် သက်သက် မဟုတ်တော့ဘဲ အကြွေး ပြဿနာကိုပါ ရှင်းဖို့ ဖြစ်နေ တာကြောင့် အစိုးရ အနေနဲ့ ဒါကို မူဝါဒ ချမှတ် ဖြေရှင်း သင့်တယ်လို့ ပဲခူးမြို့က လယ်သမား အရေး ဆောင်ရွက်နေတဲ့ ကိုအောင်မျိုးဝင်း က ဆိုပါတယ်။

အခု အချိန်မှာတော့ အစိုးရ အနေနဲ့ စပါးဈေး ကျလို့ တွက်ခြေ မကိုက် ဖြစ်နေတဲ့ လယ်သမား တွေဆီ ကနေ ကြမ်းခင်းဈေး စပါးတင်း ၁၀ဝ ကို သုံးသိန်း သုံးသောင်း နဲ့ နိုင်ငံတော် အရန်ဆန် အဖြစ် ဝယ်ယူပေး နေပေမယ့် လယ်သမားတွေကို အတိုး နည်းနည်းနဲ့ ငွေထုတ် မချေးနိုင် သေးပါဘူး။

ဒီတော့ အမတော်ကြေး တိုးမြှင့်ပေး တာဟာ လယ်သမားတွေ အတွက် အထောက် အကူသာ ဖြစ်နိုင်ပြီး လက်ရှိ ပြသနာတွေ ပြေလည်အောင်ဆို ရင်တော့ ဒီထက်ပို ဆောင်ရွက် စရာတွေ ရှိနေသေးကြောင်းပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။