BBC navigation

လိုင်ဇာကို လက်နက်ကြီးနဲ့ ပစ်လို့ လူ ၃ ဦးသေဆုံး

နောက်ဆုံး ရေးသားချိန် 14 ဇန်နဝါရီလ 2013 - 12:05 GMT

ထိခိုက် ဒဏ်ရာ ရရှိ သူတွေကို လိုင်ဇာ ဆေးရုံကို ပို့ဆောင် ကုသ ထားရ ပါတယ်

ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ အရပ်သား ၃ ဦး သေဆုံး သွားပြီး နောက်ထပ် ၄ ဦး ဒဏ်ရာ ရရှိသွား ပါတယ်။

ဇန်နဝါရီလ ၁၄ ရက် တနင်္လာနေ့ မနက် အစောပိုင်းက လိုင်ဇာမြို့ အတွင်း ၄ ရပ်ကွက် ထဲကို လက်နက်ကြီး ကျည် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး လက်နက်ကြီး ထိမှန် ခဲ့တာ ဖြစ်တယ်လို့ ကေအိုင်အေ အဖွဲ့က ဗိုလ်မှူးကြီး ယော်ထုံက ဘီဘီစီ ကိုပြောပါတယ်။

ပထမ လက်နက်ကြီး ကျည် ဟာ အိမ်ဝင်း တခု အတွင်း မီးလှုံ နေတဲ့ အရပ်သား (၄) ဦးကို ထိမှန် ခဲ့ပြီး၊ ဒုတိယ တလုံး ကတော့ နောက်ထပ် အရပ်သား နှစ်ဦး ကို ထိမှန်ခဲ့တာ ဖြစ်တယ် လို့လည်း သူက ပြော ပါတယ်။

အစိုးရ စစ်တပ် ဘက်က လိုင်ဇာကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

သေဆုံးသူတွေ ထဲက နှစ်ယောက်ကIDP လို့ ခေါ်တဲ့ ရွာပုန်း ရွာရှောင် စစ်ပြေး ဒုက္ခသည် နှစ်ယောက်လည်း ပါတယ်လို့ လက်နက်ကြီး ကျတဲ့ နေရာကို ကိုယ်တိုင် သွားရောက်ပြီး သေဆုံးမှု တွေကို ကြည့်ရှု ခဲ့တဲ့ ကေအိုင်အေ ထိန်းချုပ် နယ်မြေ အတွင်း ကေအိုင်အေက ဖွဲ့ပေးထားတဲ့ ဒုက္ခသည် ကူညီ ကယ်ဆယ်ရေး အဖွဲ့ အတွင်း ရေးမှူး ဦးဇောင်ရော်က ပြောပါတယ်။

အခု ကျခဲ့တဲ့ လက်နက် ကျည်က ၁၀၅ မမ ဖြစ်ပြီး ဒီလက်နက် မျိုးကို အစိုးရ စစ်တပ်ဘက်ကသာ သုံးတာ ဖြစ်တယ်၊ ကေအိုင်အေမှာ ဒီလက်နက်မျိုး မရှိဘူးလို့ ဦးဇောင်ရော်က ပြောပါတယ်။

မြန်မာ အစိုးရ ပြန်ကြားရေး ဒုတိယ ဝန်ကြီး လည်းဖြစ် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ လည်း ဖြစ်တဲ့ ဦးရဲထွဋ် ကတော့ ကာကွယ်ရေး ဝန်ကြီးဌာန ဘက်က ပြန်ပြောပြချက် အရ အစိုးရ စစ်တပ်က ပစ်ခတ် ခဲ့တာ မဟုတ် ဘူးလို့ ငြင်းဆို ပါတယ်။

လိုင်ဇာမှာ ပေါက်ကွဲ မှုနဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ အတည်ပြုချက် ရယူဖို့ လိုတယ်လို့ သူကဆိုပါတယ်။

အခုတော့ ထိခိုက် ဒဏ်ရာ ရရှိ သူတွေကို လိုင်ဇာ ဆေးရုံကို ပို့ဆောင် ဆေးကုသ ထားတယ်လို့ ကေအိုင်အေ အဖွဲ့က ဗိုလ်မှူးကြီး ယော်ထုံက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။