BBC navigation

သမ္မတဦးသိန်းစိန်ရဲ့ မှတ်ချက် လွှတ်တော်ပယ်ချ

နောက်ဆုံး ရေးသားချိန် 14 ဇန်နဝါရီလ 2013 - 16:16 GMT

ဥပဒေကြမ်းတွေကို ပြည်ထောင်စု လွှတ်တော် က နောက်ဆုံး အတည်ပြုလိုက်ပြီ ဖြစ်လို့ ၇ ရက်ကြာရင် အတည်ဖြစ်ပြီ

ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေကြမ်းတွေ ထဲက အချက် တချို့ကို ပြင်ဆင်ဖို့ သမ္မတ ဦးသိန်းစိန်က မှတ်ချက်ပေး လိုက်တာကို ပြည်ထောင်စု လွှတ်တော်က ပယ်ချ လိုက်ပါ တယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ် အနေနဲ့ အစီရင်ခံစာကို သမ္မတဆီကို တင်တဲ့ အခါ လွှတ်တော်ကိုပါ ပူးတွဲ တင်ပြရမယ် ဆိုတဲ့ အချက်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ ပြဌာန်းချက် အရ ဆိုရင် သမ္မတဆီကို တင်ပြီးမှ သမ္မတက လွှတ်တော်ကို တင်ရမယ်လို့ ဖေါ်ပြထားတာ ဖြစ်တဲ့ အတွက် ဒါဟာ အခြေခံ ဥပဒေနဲ့ ဆန့်ကျင် နေတယ် ဆိုပြီး ပြင်ဆင်ဖို့ အတွက် သမ္မတက မှတ်ချက်ပြု ထားတာ ဖြစ်ပါတယ်။

နောက်တခုကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင်တွေ ရွေးပြီးတဲ့ အခါ ခုံရုံး ဥက္ကဌ ကို ရွေးဖို့ အတွက် အခြေခံ ဥပဒေအရ သမ္မတကိုသာ လုပ်ပိုင်ခွင့် ပေးထား ပေမယ့် အခု ဥပဒေကြမ်း အရ သမ္မတက လွှတ်တော် ဥက္ကဌတွေနဲ့ တိုင်ပင် ရမယ်လို့ ပါရှိ ပါတယ်။

အခုလို ဆန့်ကျင် နေတဲ့ အချက်တွေကို ပြင်ဆင်ဖို့ သမ္မတရဲ့ မှတ်ချက်ကို ပြည်ထောင်စု လွှတ်တော်က ပယ်ချ လိုက်ပြီး၊ နဂို အတည်ပြု ထားတဲ့ အတိုင်း တနင်္လာနေ့မှာ ထပ်မံ အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

သမ္မတရဲ့ တင်ပြချက်ဟာ မှန်ကန်တဲ့ အကြောင်း တပ်မတော်သား လွှတ်တော် အမတ် ၂ ဦးနဲ့ ပြည်သူ့ လွှတ်တော် အမတ် ဦးရဲထွန်းတို့က ဆွေးနွေး ခဲ့ကြသလို အမျိုးသား လွှတ်တော်မှာ တုန်းကလည်း တပ်မတော်သား ကိုယ်စားလှယ်က ထောက်ပြခဲ့ဘူးပါတယ်။

ဒါပေမယ့်လည်းအခုတော့ စာရင်းစစ်ချုပ် ဥပဒေကြမ်းရော၊ ဖွဲ့စည်းပုံ ခုံရုံး ဥပဒေကြမ်းကိုပါ ပြည်ထောင်စု လွှတ်တော်က နောက်ဆုံး အတည်ပြုလိုက်ပြီ ဖြစ်လို့ သမ္မတက လက်မှတ် မထိုးရင် တောင်မှ နောက် ၇ ရက်ဆို အတည် ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။