BBC navigation

လူ့ဘောင်သစ်ပါတီ တရားဝင်ရပ်တည်ဖို့ရှိ

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2013 - 01:20 GMT
_dpns_304x171

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ

၁၉၈၈ လူထု အုံကြွမှုအပြီး ပေါ်ပေါက် ဖွဲ့စည်းခဲ့တဲ့ DPNS လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟာ ၁၉၉၁ ခုနှစ်မှာ မတရားသင်း အဖြစ် ကြေညာခံခဲ့ရ ပြီးတဲ့နောက် ပြည်ပမှာ နှစ်ပေါင်းများစွာ အခြေစိုက် လှုပ်ရှား ခဲ့ရပါတယ်။

အခုအခါမှာတော့ မြန်မာပြည်တွင်းမှာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် ရပ်တည်တော့ မယ်လို့ ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ DPNS ပါတီ ကိုယ်စားလှယ်တွေက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။

ပါတီရဲ့ ဗဟို ဦးဆောင် ကော်မတီဝင် ကိုဇော်ဇော်ထွန်း က ဘီဘီစီကို ပြောကြား ရာမှာတော့ အစိုးရရဲ့ ကိုယ်စားလှယ် တွေနဲ့ ဆွေးနွေးတဲ့ အခါမှာ မူအားဖြင့်၊ နှုတ်ကတိ အားဖြင့် တရားဝင် နိုင်ငံရေး ပါတီအဖြစ် ပြန်လည် ရပ်တည်ဖို့ သဘောတူညီချက် ရပြီး ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီလို ပြန်လည် ရပ်တည်ဖို့ အတွက် ပြန့်ကျဲနေတဲ့ ပါတီဝင် တွေကို ဘယ်လို စုစည်းမလဲ၊ ဘယ်လို လုပ်ငန်းစဉ် တွေကို အကောင်အထည် ဖော်မလဲ ဆိုတာတွေကို ဆောင်ရွက် သွားရမယ့် အချိန် ကာလ တခုတော့ ရှိလာနိုင်ကြောင်းနဲ့ အဲဒီ ကာလ ပြီးရင် ပါတီကို ပြန်ပြီး မှတ်ပုံတင် နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို စီစဉ် နေပေမယ့်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတော့ လက်မခံ နိုင်တဲ့ အကြောင်းကို အစိုးရ ကိုယ်စားလှယ် တွေကို အတိအလင်း ပြောထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို လက်မခံ နိုင်ပေမယ့် လူထုနဲ့ ၂၁ နှစ်ကြာ ဝေးကွာ နေခဲ့ရလို့ လူထု အကြား ပြန်လည် ရပ်တည်ချင်တဲ့ ဆန္ဒလည်း ရှိနေတဲ့ အတွက် လတ်တလော အခြေအနေမှာတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ ရှိတဲ့ နိုင်ငံရေး ပါတီများ အက်ဥပဒေ ထဲမှာ ပါတဲ့ အတိုင်း မှတ်ပုံတင် ရမယ့် သဘော ရှိကြောင်း ပြောပါတယ်။

တကယ်လို့ ၂၀၁၅ က လက်ရှိ အခင်းအကျင်း အတိုင်း ဆက်သွားမယ် ဆိုရင်တော့ ပါတီရဲ့ တရားဝင် ရပ်တည်ရေး အတွက်၊ ဥပဒေရဲ့ ကန့်သတ်ချက်တွေ အရ အနည်းဆုံး ၃ နေရာမှာ ဝင်ရွေး ရမယ် ဆိုတာ ရှိလို့ အဲဒါကို အခြေခံပြီး အဲဒီ ရွေးကောက်ပွဲကို ဖြတ်သန်း သွားမယ် လို့လည်း ပြောပါတယ်။

အရင် ၁၉၈၈-၁၉၉၀ နှစ်တွေ တုန်းက ပါတီဟာ လူထု လှုပ်ရှားမှု တွေနဲ့ အရေးကိစ္စ တွေမှာ ပါဝင် ဆောင်ရွက် ခဲ့လို့ စည်းရုံးရေး အားကောင်းခဲ့ကြောင်း၊ ပါတီရဲ့ ဆောင်ပုဒ် ဖြစ်တဲ့ ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုတာကို ကိုင်ဆွဲ ထားတာ ဖြစ်လို့ လူထုရဲ့ လှုပ်ရှားမှုနဲ့ အရေးကိစ္စတွေမှာ ပါဝင် ဆောင်ရွက် မယ်ဆိုရင် အရင်လို စည်းရုံးရေး အားကို ပြန်ရမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

အခုလို ပါတီကို တရားဝင် နိုင်ငံရေး ပါတီ အဖြစ် ပြန်လည် မှတ်ပုံ တင်ဖို့ အတွက် ကတော့ အစောဆုံး နှုတ်အားဖြင့် သဘောတူညီချက် တွေကို စာနဲ့ ပေနဲ့ လက်မှတ်ထိုး ဖို့ ရှိကြောင်း၊ အစိုးရနဲ့ လက်မှတ်ထိုး ပြီးရင် ပါတီကို မြေပေါ်မှာ တရားဝင် ရပ်တည်ဖို့ ပြင်ဆင်တဲ့ လုပ်ငန်းတွေ လုပ်ဖို့ ရန်ကုန်မြို့မှာ ရုံးဖွင့်သွားမှာ ဖြစ်ကြောင်းနဲ့ အစောဆုံး ၂၀၁၃ မကုန်ခင် ဒုတိယ နှစ်လည်ပိုင်း လောက်မှာ ဖြစ်နိုင်မယ်လို့ ထင်ကြောင်း ပြောကြား သွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။