BBC navigation

သတင်း သမား တွေကို ကာကွယ်ဖို့ အစိုးရကို RSF တိုက်တွန်း

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2013 - 15:47 GMT
Burmese Newspapers

သတင်းစာ တွေကို အများ ပြည်သူ ဝန်ဆောင်မှု သတင်း မီဒီယာ ဖြစ်အောင် ကြိုးပမ်း နေတယ်လို့ အစိုးရကဆို

မြန်မာ နိုင်ငံမှာ သတင်း မီဒီယာ ဆိုင်ရာ တိုးတက်မှုတွေ ရှိတာတွေ့ရပေမဲ့ မီဒီယာကို ဖိနှိပ်တဲ့ ဥပဒေတွေ ဆက်ရှိနေသေးတာက စိုးရိမ်စရာ ကောင်းတယ်လို့ RSF နယ်စည်း မထား သတင်းထောက်များ အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

မြန်မာ အစိုးရရဲ့ နာမည်ပျက် စာရင်း ကနေ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ် လကမှ ပယ်ဖျက် ခံခဲ့ရပြီး နိုင်ငံတွင်းကို ကိုယ်တိုင်သွားရောက် အချက် အလက် စုဆောင်း ခဲ့သူ တစ်ယောက် ဖြစ်တဲ့ အာရှနဲ့ ပစိဖိတ် ဆိုင်ရာ အကြီး အကဲ ဘန်ဂျာမန် အစ်စမေးလ်က မီဒီယာ သမားတွေကို ဖိနှိပ်တဲ့ ဥပဒေ အမျိုးမျိုးကို ခုချိန်ထိ ရုပ်သိမ်းတာ မတွေ့ရ သေးတဲ့ အပြင် သူတို့ကို အကာအကွယ် ပေးတဲ့ ဥပဒေ ပြဌာန်းချက်မျိုးလည်း မရှိသေးဘူးလို့ ထောက်ပြ ပါတယ်။

အစိုးရက မီဒီယာ ဥပဒေ ပြဌာန်းဖို့ ရေးဆွဲနေပြီ ဆိုပေမဲ့ မီဒီယာကို ကန့်သတ်တဲ့ ဥပဒေ မျိုးတွေ ဆက်ရှိ နေသေးရင် နိုင်ငံတကာ အလယ်မှာ မျက်နှာ ပြလို့ ကောင်းရုံ သက်သက် လုပ်တဲ့ သဘော ဖြစ်နိုင်လို့ စိုးရိမ်စရာ ကောင်း တယ်လို့ သူက ပြောပါတယ်။

ဆင်ဆာ အဖွဲ့ မရှိတော့ပေမဲ့ စာပေ စိစစ်ရေး ဆက်ရှိ နေသေးတာကလည်း သတင်း သမားတွေ အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ မစ္စတာ အစ်စမေးလ်က ပြောပါတယ်။

ဒါကြောင့် သူတို့ ရေးတဲ့ သတင်းတွေကို အာဏာပိုင်တွေက မကြိုက်ရင် အရေးယူမလား ဆိုတဲ့ စိုးရိမ်မှုတွေ ကြောင့် ဆင်ဆာ မရှိတော့ ပေမဲ့ ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်နေရတယ်လို့ သူတွေ့ ခဲ့တဲ့ သတင်း သမား တွေက ပြောတာ ကိုလည်း မစ္စတာ အစ်စမေးလ်က ပြန်ပြောပြ ပါတယ်။

မီဒီယာ လောက အလျင် အမြန် ဖွံ့ဖြိုး တိုးတက် လာပေမဲ့ အမီ လိုက်နိုင်မယ့် နည်းပညာ နဲ့ စွမ်းရည် လိုအပ်ချက်တွေ ရှိနေတာကလည်း သတင်း သမားတွေ အတွက် စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံ အတွက် အသစ် အဆန်း ဖြစ်ပြီး သတင်း သမားတွေ ရော သာမာန် ပြည်သူတွေပါ တွင်တွင် ကျယ်ကျယ် သုံးကြတဲ့ Social Media လူမှု ကွန်ယက် နဲ့ အင်တာနက် တို့ကို သုံးရာမှာ အထိန်း အကွပ် မရှိ ဖြစ်ကြတာတွေ ကိုလည်း တွေ့ရကြောင်း ဘန်ဂျာမန် အစ်စမေးလ်က ပြောပါတယ်။

မြန်မာ့ သတင်း လောက ဖွံ့ဖြိုး တိုးတက်လာစေဖို့ အစိုးရက ဦးဆောင်ပြီး သတင်း မီဒီယာသမား တွေကို ကာကွယ်တဲ့ ဥပဒေ ပြဌာန်းဖို့၊ လွှတ်တော် အမတ်တွေ အနေနဲ့ သတင်း သမားတွေကို ဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်အောင် ကြိုးစားဖို့နဲ့ မီဒီယာ ဥပဒေကို ရေးဆွဲရာမှာ သတင်းသမားတွေ ကိုယ်တိုင် ဦးဆောင်ပါဝင်ဖို့ RSF က အကြံပြုခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။