BBC navigation

ရခိုင် ပြည်နယ် တောင်ပြို နယ်စပ် လူဝင် လူထွက်များလာ

နောက်ဆုံး ရေးသားချိန် 18 ဇန်နဝါရီလ 2013 - 15:20 GMT
Rohingya refugees

မြန်မာ နဲ့ ဘင်္ဂလားဒေ့်ရှ် နယ်စပ်မှာ ခိုးဝင် လာသူတွေ ရဲ့ ပြဿနာ တွေ ရှိနေ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ် မောင်တော မြို့နယ် မြောက်ပိုင်း တောင်ပြို(ဝဲ) နစက နယ်မြေက ဝင်ပေါက် ထွက်ပေါက် နယ်စပ် ဖြတ်ကျော်လမ်း နှစ်ခုကို ဒေသ အာဏာပိုင် နယ်မြေမှူးက စီးပွားရေး သမား နှစ်ယောက်ကို ငှားထားတဲ့ အတွက် နယ်စပ် ဖြတ်ကျော် သွားလာ နေသူ တွေရဲ့ အဝင် အထွက်များလာ တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ ဒေသ နယ်စပ် လုံခြုံရေးနဲ့ ကွပ်ကဲရေး (နစက) နယ်မြေမှူး က စီးပွားရေး သမား နှစ်ယောက်ကို လပေး စနစ်နဲ့ ဌားရမ်း ထားတာ ကြောင့် နယ်စပ် ဖြတ်ကျော်ပြီး ခိုးဝင် ခိုးထွက် နေသူ တွေကို မစစ်ဆေးနိုင် ဖြစ်နေ တယ်လို့ နစက တပ်ဖွဲ့ဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

နစကမှူး က စီးပွားရေး သမား ဦးဇော်ထိန် ဆီက တစ်လကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး တာကာငွေ ငွေ သုံးသိန်း နဲ့ ဦးဘရှင် ဆီက တာကာ ငွေနှစ်သိန်း ရယူပြီး နယ်စပ်ဂိတ်ကို ငှားထားတဲ့ အကြောင်းနဲ့ နယ်စပ် ဖြတ်ကျေယ် ဝင်ထွက်လိုသူတွေ ဆီက အဲဒီ စီးပွားရေး သမား နှစ်ယောက်က ဖြတ်သန်းခ အဖြစ် တစ်ယောက်ကို တာကာငွေ ၁၀၀ ကောက်ယူတယ်လို့ စောစောက နစက အဖွဲ့ဝင်က ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ အနောက်ဘက် နယ်စပ် တလျှောက်မှာ ခြံစည်းရိုးတွေ ကာရံ ထားပေးမယ့် ခုလို အခြေ အနေ တွေကြောင့် နယ်စပ် ဖြတ်ကျော်ပြီး ခိုးဝင် ခိုးထွက်မှုတွေ ပိုများ လာနေ တာကို အောက်ခြေ နစက တပ်သားတွေ သိပေမဲ့ လူထွက်တွေကို စစ်ဆေးလို့ မရ ဖြစ်နေ တယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် နယ်စပ်မှာ ဘယ်သူ ဝင်လို့ ဘယ်သူ ထွက်တယ်၊ ဘာလုပ်တယ် ဆိုတာ မသိ နိုင်ဘူးလို့ လည်း အဲဒီ နစက တပ်ဖွဲ့ဝင်က ပြောပါတယ်။

နယ်စပ် ဝင်ပေါက် ထွက်ပေါက် တွေကို ပုဂ္ဂလိက တွေကို ငှားရမ်း ထားတဲ့ အပေါ် ဒေသခံတွေ အကြားမှာလည်း ဝေဖန် ပြောဆို နေကြပြီး စိုးရိမ်မှု တွေလည်း ရှိနေပါတယ်။

မြန်မာ နိုင်ငံရဲ့ အနောက်ဘက် နယ်စပ် အခြေ အနေက အခု အချိန်ထိ အကဲဆတ်တဲ့ အခြေအနေ ရှိနေ တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။