BBC navigation

ကချင်ပြည်နယ်မှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေ

နောက်ဆုံး ရေးသားချိန် 19 ဇန်နဝါရီလ 2013 - 12:00 GMT

ကချင် ဒေသ တခုလုံးမှာ အစိုးရ အနေနဲ့ စစ်ဆင်မှုတွေကို လျှော့ချ သင့်ကြောင်း ကေအိုင်အိုဘက် ကပြော

မကြာသေးခင်က တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် လဂျားယန် ဒေသမှာ ဒီကနေ့ မနက် ၉ နာရီကနေ နေ့လည် ၁ နာရီ လောက် အထိ အစိုးရ စစ်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေ သေးကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO ပြောခွင့်ရ ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။

အရင်ရက်တွေ ကလို ဆက်တိုက် ပစ်တာမျိုး မဟုတ်ဘဲ ကြိုကြား ကြိုကြား ပစ်တာမျိုး ဖြစ်တယ်လို့ ဦးလနန်းက ပြောပါတယ်။

လဂျားယန် ဒေသမှာ စစ်ဆင်မှု တွေကို စနေနေ့မနက် ၆ နာရီက စ ရပ်ဆိုင်း မယ်လို့ အစိုးရက သောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် လဂျားယန် ဒေသတခုတည်း မကပဲ ကချင်ပြည်နယ် ဒေသ တခုလုံးမှာ အစိုးရ အနေနဲ့ စစ်ရေး လှုပ်ရှားမှုတွေ လျှော့ချသင့်တယ် လို့ KIO ဘက် က ဒီကနေ့မှာ တုန့်ပြန် ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဒီကနေ့ မနက်က တပ်မဟာ ( ၃ )ဒေသ ဘက်မှာလည်း အစိုးရ စစ်တပ်ကနေ လက်နက်ကြီးတွေ နဲ့ ပစ်ခတ် နေပြီး၊ တခြား ဒေသတွေ မှာလည်း တိုက်ပွဲတွေ ပုံမှန် ဖြစ်နေ တယ်လို့ ဆိုပါတယ်။

တခါ ဒီကနေ့ မနက် အစောပိုင်းမှာ ဖားကန့် မြို့နယ် ကာမိုင်း ရဲစခန်းကို KIO က ဝင်တိုက်ခဲ့ပြီး အစိုးရက တပ်အင်အား တွေ ထပ်ဖြည့် ထိုးစစ် ဆင်နေတာကြောင့် အဲဒီလို အခြေ အနေမျိုးမှာ အခုလို ပြန်လည် တိုက်ခိုက် မှုတွေ လုပ်ရ လိမ့်မယ်လို့ ဦးလနန်း က ပြောပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်မှာ သမ္မတ ဦးသိန်းစိန်က KIO ကို ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆက်လက် ကမ်းလှမ်းထား ကြောင်း ပြောကြားသွားပါတယ်။

မြန်မာ ငြိမ်းချမ်းရေး စင်တာရဲ့ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦး ကတော့ KIO/KIA နဲ့ အစိုးရအကြား တဘက်နဲ့ တဘက် အပြန်အလှန် ကြေညာချက် ထုတ်နေရုံနဲ့ ဒီပြဿနာ ပြေလည်သွားမှာ မဟုတ်ကြောင်း၊ နှစ်ဘက် စလုံးက တပ်မှူးတွေ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး စစ်ရေး ဆိုင်ရာ ကိစ္စတွေ ဆွေးနွေး ညှိနှိုင်း အပစ်ရပ် ပြီးမှ ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်နိုင်မှာ ဖြစ်ကြောင်း ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။