BBC navigation

လိုင်ဇာကို မသိမ်းဘူးလို့ မြန်မာ သမ္မတ ပြောကြား

နောက်ဆုံး ရေးသားချိန် 20 ဇန်နဝါရီလ 2013 - 15:48 GMT

အစိုးရတပ် တွေဟာ လိုင်ဇာနဲ့ လက်တကမ်း မှာ ရှိနေပေမယ့် ဝင်မသိမ်း ပါဘူးလို့ သမ္မတ ပြော

ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာကို သိမ်းယူမှာ မဟုတ်ဘူးလို့ သမ္မတ ဦးသိန်းစိန်က အန်ဂျီအို အရပ်ဖက် အဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက် ပါတယ်။

အစိုးရတပ် တွေဟာ လိုင်ဇာ အနီး လက်တကမ်း အကွာမှာ ရှိနေ ပေမယ့် ဝင်ရောက် သိမ်းပိုက် မှုတွေ မလုပ်ဖို့ အမိန့် ပေးထား ကြောင်း၊ ဒါကို ကြည့်ရင် အစိုးရဟာ ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုတာ ဖေါ်ပြ နေတယ်လို့ သမ္မတက ပြောကြားသွား ပါတယ်။

အစိုးရ မဟုတ်တဲ့ အန်ဂျီအို အရပ်ဖက် အဖွဲ့ အစည်း ၈၀ ကျော်နဲ့ ရန်ကုန်မြို့ တိုင်းဒေသကြီး လွှတ်တော် အဆောက် အအုံမှာ တနင်္ဂနွေနေ့က တွေ့ဆုံ ခဲ့ရာမှာ သမ္မတ က အခုလို ထည့်သွင်း ပြောကြား သွားတာ ဖြစ်ပြီး၊ ကေအိုင်အို ကို ငြိမ်းချမ်းရေး ကမ်းလှမ်း ထားတဲ့ အကြောင်းလည်း သူက ပြောသွားပါတယ်။

အန်ဂျီအိုတွေ ပြောတဲ့ အလှည့် မှာတော့ ငြိမ်းဖောင်ဒေးရှင်း အဖွဲ့က ဒေါ်နန်းရော်က ကချင်ဒေသ တချို့မှာ ထိုးစစ် ရပ်လိုက် တယ်ဆိုတဲ့ ကြေညာချက်နဲ့ ပတ်သက် ပြီး သမ္မတ အနေနဲ့ မဖြစ် မနေ တာဝန်ခံ ဆောင်ရွက် ပေးဖို့ ရဲရဲ ဝံ့ဝံ့ ဆွေးနွေး သွားခဲ့ ပါတယ်။

အစိုးရနဲ့ ကေအိုင်အို၊ ကေအိုင်အေ အကြား တိုက်ပွဲတွေကြောင့် စစ်သည်တွေ၊ ပြည်သူ လူထုတွေ သေကျေ ဒုက္ခ ရောက်ရပုံ ကိုလည်း ဒေါ်နန်းရော်က ပြောကြားသွား ပါတယ်။

နိုင်ငံတကာက လှူ ဒါန်းတဲ့ ရန်ပုံငွေတွေကို မြန်မာ အန်ဂျီအိုတွေ တိုက်ရိုက် မရဘဲ ကုလသမဂ္ဂ ဆီက တဆင့်သာ လက်ခံ နေရတဲ့ ကိစ္စကို ပြင်နိုင် အောင် အစိုးရက ဆောင်ရွက်ပေးဖို့ ဆွေးနွေး တာမျိုးလည်း ရှိခဲ့ပါတယ်။

အောင်ဖောင် ဒေးရှင်းနဲ့ နာရေး ကူညီမှု အသင်းကို ထူထောင်ခဲ့သူ တဦး ဖြစ်တဲ့ ဒေါ်သန်းမြင့်အောင် ကတော့ လူထု ကြားမှာ ရှိနေတဲ့ အန်ဂျီအို တွေရဲ့ လုပ်ငန်းတွေ ချောမွေ့အောင် ကူညီဖို့ ပြောခဲ့ ပါတယ်။ ဒါ့အပြင် သွေးလှူရှင် အသင်းဖွဲ့ဖို့ ငွေငါးသိန်း မှတ်ပုံတင်ကြေး ပေးရတာမျိုး ဟာလည်း မဖြစ်သင့် ဘူးလို့ သူက ပြောပါ တယ်။

တွေ့ဆုံပွဲ အဆုံးမှာတော့ သမ္မတက အန်ဂျီအို တွေရဲ့တင်ပြချက် တွေဟာ လုပ်ပေးရမယ့် ကိစ္စတွေ ဖြစ်သလို လုပ်ပေး နိုင်မယ့် ကိစ္စတွေလည်း ဖြစ်တယ်လို့ ပြောသွားခဲ့ ပါတယ်။

နောင်အခါမှာ အန်ဂျီအိုတွေနဲ့ ဆက်သွယ်ရ လွယ်ကူအောင် focal point လို့ခေါ်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့ အစည်းတွေ ထားရှိ ပေးဖို့ ဆောင်ရွက်မှာ ဖြစ်သလို၊ အန်ဂျီအို တွေနဲ့ အပြန် အလှန် ဆွေးနွေး နိုင်မယ့် ဖိုရမ်တွေလည်း ကျင်းပသွားဖို့ ဆောင်ရွက်မယ့် အကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။