BBC navigation

အစိုးရနဲ့ တိုက်ရိုက် မဆွေးနွေးဖို့ KIO ဆုံးဖြတ်

နောက်ဆုံး ရေးသားချိန် 21 ဇန်နဝါရီလ 2013 - 15:54 GMT
KIA, Kachin

ကချင် KIA တပ်သားများ

ကချင် ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ် နေတာကြောင့် အစိုးရနဲ့ သီးခြား တွေ့ဆုံ ဆွေးနွေးမှုတွေ မပြုလုပ်တော့ဘူးလို့ KIO ကချင် လွတ်လပ်ရေး အဖွဲ့က ကြေငြာခဲ့ပါတယ်။

KIO ကနေ တနင်္ဂနွေနေ့ ရက်စွဲနဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ဆီကို ပေးပို့တဲ့ စာထဲမှာ အဲဒီလို ဖော်ပြတာ ဖြစ်ပါတယ်။

အစိုးရဘက်က ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက်လုပ်နေတဲ့အတွက် KIO အနေနဲ့ အဲဒီလို စစ်ရေးအရ ဖိအားပေး ခံရတဲ့ အခြေအနေ အောက်မှာ နှစ်ဘက် တွေ့ဆုံဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။

အဲဒီလို သီးခြား တွေ့ဆုံမှု မလုပ်ပေမယ့် တိုင်းရင်းသား မဟာမိတ် UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အနေနဲ့ပဲ ဆွေးနွေးမယ်ဆိုရင် ပိုသင့်လျော်မယ်လို့ ကြေငြာချက်မှာ ဖော်ပြပါတယ်။

UNFC မှာတော့ ကေအိုင်အို အပြင် KNU ကရင်အဖွဲ့၊ SSA ရှမ်းအဖွဲ့၊ မွန်ပြည်သစ် NMSP စတဲ့ အဖွဲ့တွေ ပါဝင်ကြ ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာဘက်ကို ၂ ကြိမ် သွားရောက် လေ့လာခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင်ကတော့ အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတာဟာ ကချင်ဘက်က ကြည့်ရင် မယုံကြည်နိုင်မှုကြောင့်လို့ ပြောနိုင်သလို အစိုးရဘက်ကတော့ သူတို့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက် အတိအကျ မသိရပေမယ့် ချောင်ပိတ်ပြီး ဆွေးနွေးမယ်ဆိုရင် ငြိမ်းချမ်းရေး အစစ်အမှန် မရနိုင်ကြောင်း သုံးသပ် ပြောကြားပါတယ်။

လက်ရှိအခြေအနေမှာ နှစ်ဘက် တိုက်ခိုက်မှုတွေ ရပ်ဖို့ လိုတယ်၊ ပြီးရင် တန်းတူ ရည်တူ ဆွေးနွေးနိုင်မယ့် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီး တစ်ရပ် ဖော်ဆောင်သင့်ကြောင်း ကိုထွန်းမြင့်အောင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။