BBC navigation

လွှတ်တော်နဲ့ သမ္မတ အားပြိုင်မှုက အခြေခံ ဥပဒေကို ထိခိုက် နိုင်မလား

နောက်ဆုံး ရေးသားချိန် 22 ဇန်နဝါရီလ 2013 - 15:23 GMT
Burma Parliament

ခုံရုံး ဥပဒေအတွက် သမ္မတရဲ့ မှတ်ချက်တွေကို လွှတ်တော် အလေး မထား ပေမဲ့ သမ္မတ အတည်ပြုပေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျင့်သုံးပြီး ပေါ်ပေါက် လာတဲ့ အစိုးရသစ် လက်ထက်မှာ ပထမဆုံး တည်ထောင် ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပေဒေ ဆိုင်ရာ ခုံရုံး ပျက်ပြီး လေးလကျော် အကြာ ခုံရုံး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်းကို သမ္မတက လက်မှတ်ထိုး ပေးခဲ့ ပြီး အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာ တွေမှာ ပြည်သူကို ရှင်းလင်းချက် လည်းဖော်ပြ ခဲ့ပါတယ်။

လွှတ်တော်နဲ့ သမ္မတကြား အပြန် အလှန် လွန်းထိုး ငြင်းခုံပြီး နောက်မှာ ခုံရုံး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို သမ္မတက အခုလို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ခုံရုံး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ပြီးခဲ့တဲ့ နှစ်က နိုဝင်ဘာလက အတည် ပြုခဲ့ပြီး သမ္မတ လက်မှတ် ထိုးဖို့ ပေးပို့ခဲ့ ပြီးတဲ့နောက် သမ္မတက မှတ်ချက် ရေးပြီး ပြန်လည် ပို့ပေးခဲ့ ရာမှာ ပြည်ထောင်စု လွှတ်တော်က အဲဒီ မှတ်ချက်တွေကို လက်မခံဘဲ သူတို့ရဲ့ မူရင်း ဆုံးဖြတ်ချက် အတိုင်းပဲ ထပ်မံ အတည်ပြုခဲ့ ပါတယ်။

ဒါကြောင့် ပြည်ထောင်စု လွှတ်တော်ရဲ့ ဒုတိယ အကြိမ် ဆုံးဖြတ်ချက်ကို သမ္မတထံ ထပ်မံ ပေးပို့တဲ့ အခါ သမ္မတက လက်မှတ်မထိုး ရင်လည်း ၇ ရက် ကျော်တာနဲ့ ဥပဒေ အတည် ဖြစ်လာမှာမို့ သူ သဘော မကျ ပေမဲ့ လွှတ်တော် ဆုံးဖြတ်ချက်ကို လေးစားပြီး လက်မှတ် ထိုးပေးခဲ့တာ ဖြစ်တယ်လို့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီရဲ့ သီပေါ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

လွှတ်တော်တွင်း ဆွေးနွေးချက် တွေမှာ အမတ် တချို့က သမ္မတ ဘက်က ထောက်ခံ ဆွေးနွေး ခဲ့ပေမဲ့ ပြည်ထောင်စု လွှတ်တော်က မဲခွဲ ဆုံးဖြတ်ချက်နဲ့ အတည်ပြုခဲ့ ပြီးတဲ့ နောက် သမ္မတ ဘက်က ထုတ်ပြန်တဲ့ အခု ရှင်းလင်းချက် ထဲမှာ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်ဟာ ၂၀၀၈ ခုနှစ် က အတည်ပြုခဲ့တဲ့ အခြေခံ ဥပဒေနဲ့ မညီညွတ်ကြောင်း ထောက်ပြ ထားတဲ့ အပြင်၊ အခု ပြဌာန်း လိုက်တဲ့ ဥပဒေကို ကျင့်သုံးပြီး ပေါ်ပေါက် လာမယ့် အနာဂတ် ခုံရုံးမှာလည်း အခု ဆုံးဖြတ်ချက်ကို နာယူ ရမယ်လို့ ဆိုထား ပါတယ်။

သမ္မတနဲ့ လွှတ်တော်ကြား အားပြိုင်မှုဟာ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ရှုပ်ထွေးတဲ့ အခြေ အနေတွေကို အခွင့်ကောင်း ယူပြီး ၂၀၀၈ ဖွဲ့စည်းပုံ ထဲမှာ ပြည်သူတွေ ရောက်လာအောင် ဥပဒေကြောင်း အရ ကစား နေတာလို့ ဥပဒေ ပညာရှင် ဦးအောင်ထူးက မြင် ပါတယ်။

လက်ရှိ အနေ အထားမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်ဟာ သမ္မတထက် အာဏာ ပို ရှိတယ်၊ အခု လွှတ်တော်ရဲ့ ကြိုးပမ်းချက်ဟာလည်း စစ်တပ်နဲ့ စစ်ခေါင်းဆောင် ဟောင်းတွေ ကြီးစိုးနေတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံကို မပြင်ရအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မကြာခင်မှာ ထပ်မံ ပေါ်ပေါက် လာမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဟာ မူလ ခုံရုံးရဲ့ ဆုံးဖြတ်ချက် အတိုင်းသာ ရပ်တည် ဆုံးဖြတ် ရမှာဖြစ်ပြီး၊ လွှတ်တော် ဘက်ကလည်း နောက် တကြိမ် ခုံရုံး ပျက်အောင် အားထုတ် ခဲ့မယ် ဆိုရင် ၂၀၀၈ အခြေခံ ဥပဒေ သေဆုံး သွားတဲ့ အထိ အခြေခံ ဥပေဒ ဆိုင်ရာ အကျပ် အတည်း ပေါ်ပေါက် နိုင်ဖွယ် ရှိနေတယ်လို့ ဥပဒေ ပညာရှင် ဦးအောင်ထူးက သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။