BBC navigation

မြန်မာနိုင်ငံမှာ နျူကလီးယား စွမ်းအင်လုပ်ငန်း ပြန်စတော့မလား

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2013 - 16:18 GMT

မြန်မာအစိုးရအနေနဲ့ နျူကလီးယားကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖို့ အဆိုကို ဆွေးနွေးဖို့ အမျိုးသားလွှတ်တော်မှာ မနေ့တုန်းက လက်ခံလိုက်ပါတယ်။

နျူကလီးယားကနေ လျှပ်စစ်ထုတ်လုပ်ဖို့အပါအဝင် ကျန်းမာရေးအတွက်ကို အသုံးပြုဖို့အဆိုကို ရန်ကုန်တိုင်း မဲဆန္ဒနယ် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြင့်ကြည်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အိုင်အေ အီးအေ နိုင်ငံတကာ အဏုမြူစွမ်းအင်ဆိုင်ရာ အဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်တဲ့အတွက် အိုင်အေအီးအေရဲ့ ထိန်းကြောင်းအောက်ကနေ အနာဂတ်အတွက် ပြင်ဆင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာလို့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြင့်ကြည်က ပြောပါတယ်။

နောင်အနာဂတ်မှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ စွမ်းအင်လိုအပ်ချက်တွေ ပိုများလာမှာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်းကတော့ တပ်မတော်သားတချို့ ရုရှားနဲ့မြောက်ကိုးရီးယား နိုင်ငံမှာ နျူကလီးယား ပညာတော်သင်တွေလွှတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ပြီးတော့ ရုရှားနိုင်ငံရဲ့ ကူညီမှုနဲ့ နျူကလီးယား လျှပ်စစ်ဓါတ်ပေါင်းဖို လုပ်ဖို့ ကြိုးစားခဲ့ဘူးပါတယ်။

နောက်ပိုင်းမှာ နိုင်ငံရေးဖိအားပေးခံရမှုများလာတာကြောင့် အစိုးရက နျူကလီးယား စီမံကိန်းကို ရပ်ဆိုင်းထားလိုက်ပြီးလို့ ပြောကြားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။