BBC navigation

ခရိုနီတွေ ကျောက်မျက် လုပ်ငန်းမှာ မရှိရင် ပိတ်ဆို့မှုတွေ လျော့မလား

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2013 - 15:29 GMT
Burmese Gems

အမေရိကန်က မြန်မာ့ ကျောက်မျက် တင်သွင်းခွင့် ပိတ် ဆို့ ထား

မြန်မာ နိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ထဲက တစ်ယောက် ဖြစ်တဲ့ ဦးတေဇ ဟာ မြန်မာ နိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း ဥက္ကဌ အဖြစ် ကနေ နှုတ်ထွက်လွှာ တင်သွင်း လိုက်တဲ့ အတွက် မြန်မာ့ ကျောက်မျက် ရတနာတွေ အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ ပေးဖို့ နောက်တဆင့် နီးလာပြီလို့ ကျောက်မျက် လောကသားတွေ မျှော်လင့် နေကြ ပါတယ်။

အမေရိကန် အစိုးရ ဘက်က ပိတ်ပင်ထား မှု ဖြေလျှော့ ဖို့ရာ မြန်မာ နိုင်ငံ ကျောက်မျက် ရတနာ အသင်းမှာ အဓိက တာဝန် ယူထား ကြတဲ့ ခရိုနီတွေ၊ တနည်းအားဖြင့် အရင် အစိုးရကို အကြောင်းပြုပြီး ချမ်းသာ လာသူတွေ နှုတ်ထွက် သင့်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က အဆို တင်သွင်းပြီး ရက်ပိုင်း အကြာမှာ အသင်း ဥက္ကဌ ဦးတေဇ နှုတ်ထွက် ခဲ့တာဖြစ်ပါတယ်။

အမျိုးသား လွှတ်တော်မှာ အဆို တင်သွင်းခဲ့တဲ့ သတ္တုနဲ့ သယံဇာတ ရေးရာ ကော်မီတီ အတွင်းရေးမှူး ဦးလှဆွေ ကတော့ ဦးတေဇ တစ်ယောက်တည်း နှုတ်ထွက်ရုံနဲ့ မလုံလောက်ဘဲ နောက်ထပ် သူ့လိုလူတွေ နှုတ်ထွက်ဖို့ လိုသေးတယ်လို့ ပြောပါတယ်။

လောလောဆယ် ကျောက်တွင်း လုပ်ငန်း လုပ်နေ ကြသူ တွေဟာ ကိုယ်တိုင် လုပ်ခွင့် ရထားကြသူ တွေမဟုတ်ဘဲ တဆင့် လုပ်ကိုင်ခွင့် ဝယ်ထားပြီး လုပ်ကိုင် သူတွေ ဖြစ်နေတယ်၊ လုပ်ခွင့် လိုင်စင် ရထားကြသူတွေ ထဲမှာ မူးယစ် ဆေးဝါးမှုနဲ့ နာမည်ပျက် နေသူ တွေလည်း ပါတယ် လို့ ဦးလှဆွေက ပြောပါတယ်။

ဒါကြောင့် ငွေကြေး ခဝါချလို့ အလွယ်ဆုံး ဖြစ်တဲ့ ကျောက်စိမ်း တူးဖော်ခွင့် လုပ်ငန်းကို အဲဒီ လူတွေ လုပ်ခွင့် ချမပေး သင့်ဘူးလို့ လွှတ်တော်မှာ သူ အဆို တင်ခဲ့ ကြောင်းလည်း ဦးလှဆွေက ပြောပါတယ်။

ဦးတေဇ ဟာဧက ၄၀၀ လောက်ကျယ်တဲ့ ကျောက်စိမ်းတွင်းကို ပိုင်ဆိုင် ထားသူ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ဧက ထောင်နဲ့ ချီတဲ့ ကျောက်စိမ်းတွင်းတွေ အပါ အဝင် တွင်းပေါင်း ၇၀၀ လောက် ရှိတယ်လို့ လည်း ဦးလှဆွေက ပြောပါတယ်။

ဒါကြောင့် ဦးတေဇ ကျောက်မျက် အသင်း ဥက္ကဌ အဖြစ်က နှုတ်ထွက် ယုံနဲ့ အမေရိကန် အရေးယူမှုက အဆုံး သတ်မယ့်ပုံ မရှိ ပေမဲ့ အဲဒီလို အဆုံးသတ်ဖို့ လမ်းတော့ ပွင့်သွား နိုင်တယ်လို့ ကျောက်မျက် လုပ်ငန်းရှင်တွေက မျှော်လင့် နေကြ ပါတယ်။

ကျောက်မျက် ရတနာ လုပ်ကွက် တွေကို အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ၊ တရုတ် လူမျိုးတွေကို လုပ်ခွင့်ပေးထားတဲ့ အတွက် လုပ်ငန်းရှင် အသေးစား တွေ နစ်နာ နေကြရတယ်လို့ လုပ်ငန်းရှင် တစ်ယောက်က ပြော ပါတယ်။

ဦးတေဇ အသင်း ဥက္ကဌဖြစ်လာပြီး ကတည်းက ကျောက်မျက် လုပ်ငန်းရှင်တိုင်း အသင်းဝင်ကြေး တသိန်း၊ နှစ်စဉ်ကြေး သုံးသောင်း ပေးပြီး မဖြစ်မနေ အသင်း ဝင်ရတာ တွေလည်း ရှိပါတယ်၊ အခုတော့ ဒါတွေ ပြောင်းလဲ သွားမယ်လို့ မျှော်လင့်ကြောင်း အဲဒီ လုပ်ငန်းရှင်က ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။