BBC navigation

ငြိမ်းချမ်းရေးအတွက် သတ္တိရှိဖို့ လိုတယ်

နောက်ဆုံး ရေးသားချိန် 27 ဇန်နဝါရီလ 2013 - 01:09 GMT
Daw Aung San Suu Kyi

ငြိမ်းချမ်းရေးအတွက် သတ္တိလိုတယ်လို့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆိုရှင်က ထုတ်ဖော် ပြောဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ ဥက္ကဌ ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညက အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်းမှာ ဒေသခံ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအကြောင်း အကျယ်တဝင့် ဆွေးနွေး ဟောပြောခဲ့သလို ကျောင်းသားတွေ မေးတဲ့ မေးခွန်းတွေကိုလည်း ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေဆဲ ဖြစ်တဲ့ အစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေကြား တိုက်ပွဲတွေနဲ့ ဒုက္ခသည်တွေအကြောင်းလည်း ပြောခဲ့ပါတယ်။

၁၉၄၈ မြန်မာ့လွတ်လပ်ရေး ရပြီးကထဲက နှစ်ပေါင်း ၆၀ ကျော် မငြိမ်းချမ်းသေးတဲ့ တိုင်းပြည်ဟာ ငြိမ်းချမ်းရေးရသွားဖို့ အခုလို မငြိမ်းချမ်းအောင် လုပ်နေတဲ့ သူတွေကပဲ ရဲရဲတင်းတင်း ရပ်ပစ်နိုင်တဲ့ သတ္တိလိုနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တိုက်ပွဲမှာ တိုက်ရဲသေရဲမှ သတ္တိရှိတာ မဟုတ်ဘူး၊ တခါတလေကျတော့ မတိုက်ဘူး မသေဘူးဆိုပြီး ငြင်းဆန်ရဲတာလည်း သတ္တိပဲ။ တိုက်ပွဲတွေ ရပ်သင့်ပြီ၊ စစ်ပွဲတွေ ရပ်သင့်ပြီလို့ အပြောသင့်ဆုံးနဲ့ မဖြစ်မနေ ပြောကိုပြောရမယ့် လူတွေကတော့ ဒီတိုက်ပွဲတွေ ပဋိပက္ခတွေကို ဖန်တီးခဲ့တဲ့ သူတွေ၊ အဓွန့်ရှည်အောင် လုပ်နေတဲ့သူတွေ ကိုယ်တိုင်ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သူတို့ကိုယ်တိုင်က သတ္တိရှိရှိ ဆုံးဖြတ်လို့ မရပ်တန့်သရွေ့ကတော့ ငြိမ်းချမ်းရေးဆိုတာ မရနိုင်ဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။

စစ်တပ်စိတ်၊ စစ်တပ်နောက်ခံစိတ် ရှိနေတဲ့သူတွေဟာ ညှိနှိုင်းဆွေးနွေးဖို့ကို အားမသန်တဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါသေးတယ်။

နှစ်ဘက်ကြား ဆွေးနွေးတယ် ပြောဆိုတယ်ဆိုတာ ကိုယ်လိုချင်တာချည်းပဲ ရဖို့ မဟုတ်ဘူး။ အပေးအယူဆိုတာ ရှိတယ်၊ သူလည်း ယူ၊ ကိုယ်လည်း ယူ၊ ကိုယ်လည်း ပေး၊ သူလည်း ပေးဆိုတာမျိုး ဖြစ်ရမယ်၊ ဒါမှ ညှိနှိုင်း ဆွေးနွေးတဲ့ အပေးအယူဆိုတာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ စစ်တပ်ကလူတွေနားလည်တဲ့ အပေးအယူဆိုတာက ငါအကုန်ယူမယ်၊ မင်းက အကုန်ပေး ဆိုတာမျိုး ဖြစ်နေတယ်။ ဒီနည်းနဲ့တော့ ဘယ်လိုမှ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

အစိုးရတပ်တွေနဲ့ ကေအိုင်အေကြား နှစ်ဘက်တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေလည်း ဒုက္ခသည် ဖြစ်ကုန်ပြီ၊ အဲဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေက ဒုက္ခအရောက်ဆုံးပဲ၊ ဒီအပြစ်မဲ့ ပြည်သူတွေဟာ ဒီပဋိပက္ခတွေကို ဖန်တီးခဲ့တာ မဟုတ်ဘူး၊ တိုက်ပွဲတွေ ရပ်ပါ၊ အမြင်မတူတာတွေ ရပ်ကြပါ၊ မငြိမ်းမချမ်းဖြစ်အောင် မလုပ်ကြပါနဲ့လို့လည်း ပြောခွင့်မသာဘဲ ရပ်ရွာကို စွန့်ခွာလို့ ကမ္ဘာ့ပေါ်မှာ မငြိမ်းချမ်းဆုံး ဖြစ်တဲ့ ချောင်ချိုချောင်ကြားက ဒုက္ခသည်စခန်းတွေဆီ ပြေးနေကြရပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ကပဲ လွှတ်တော်မှာ အငြိမ်းစား စစ်တပ်အရာရှိ လွှတ်တော်အမတ်တဦးက ကချင်အရေးနဲ့ ပတ်သက်ပြီး အစိုးရက အကြိမ်ကြိမ် ရွှေလက်နဲ့ ကမ်းလှမ်းပါရက်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက ရှောင်ခွာဖယ်ပြေး လုပ်နေတာမို့ ကျည်ဆံသာ ပေးဖို့ ကောင်းတော့တယ်၊ ကေအိုင်အို ကေအိုင်အေကို အပြုတ်တိုက်ရမယ်လို့ လွှတ်တော်တွင်းမှာ ပြောခဲ့ပါတယ်။

လွှတ်တော်အမတ်တဦးဖြစ်နေသူနဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီအချက်ကို လက်မခံခဲ့ပါဘူး။ ကွဲပြားခြားနားနေတဲ့ ကိစ္စတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာနည်းနဲ့ပဲ သွားနိုင်မယ်၊ သေနတ်ကျည်ဆံတွေနဲ့ မသွားနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် မူသေ ရပ်တည်ချက်ကနေ ပြောင်းလဲဖို့ လိုတယ်၊ အဲဒီလို ပြောင်းဖို့ကိုလည်း တကယ် ပြင်းပြင်းထန်ထန် ကြိုးကုတ်အားထုတ် ရမယ်။ အဲဒီလို အားကြိုးမာန်တက် လုပ်ဖို့အတွက် ငြိမ်းချမ်းရေး မရရအောင် လုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဌာန် ပိုင်းဖြတ်မှုနဲ့ သတ္တိရှိရှိ နောက်မဆုတ်တမ်း လိုပါတယ်လို့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။