BBC navigation

ထမင်းလျှော့စားပြီး ကြွေးဆပ်ဖို့ ဝန်ကြီးပြော

နောက်ဆုံး ရေးသားချိန် 30 ဇန်နဝါရီလ 2013 - 16:19 GMT
Farmer in Burma

ကောက်ရိုးလှည်းပေါ်က မြန်မာလယ်သမားတစ်ဦး

လယ်သမားတွေအနေနဲ့ စိုက်ပျိုး စရိတ် ချေးငွေ အကြွေး ပြန်ဆပ်ဖို့ လိုတဲ့နေရာမှာ မဆပ်နိုင် ဘူးဆိုရင် ထမင်းတနပ် လျှော့စားပြီးတောင် ခြိုးခြံပြီး ဆပ်ကြဖို့ ပြည်ထောင်စု ဝန်ကြီး တစ်ဦးက ပြောတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ် လာပါတယ်။

ဧရာဝတီတိုင်း ဓနုဖြူမြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လယ်ယာ စိုက်ပျိုးရေး ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်ဟာ ဒေသခံ လယ်သမားတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာလို့ လယ်သမားတွေက ဘီဘီစီကို ပြန်ပြော ပြပါတယ်။

ဝန်ကြီးက အကြွေးသံသရာ မလည်စေဖို့ စေတနာနဲ့ ပြောတယ်လို့ ယူဆနိုင်ပေမယ့် သူရဲ့ တိုက်တွန်းမှုပုံစံကိုတော့ လယ်သမားတွေကြား ဘဝင် မတွေ့နိုင်စရာ ဖြစ်ခဲ့ရတယ်လို့ အစည်းအဝေးတက်ခဲ့တဲ့ ဓနုဖြူ မြိုနယ်က ရိုးကြီးရွာက လယ်သမား ဦးသိန်းအောင်က ပြောပါတယ်။

လယ်သမားတွေဟာ အစိုးရ ဘဏ်တွေနဲ့ အထူးကုမ္ပဏီတွေမှာ အကြွေးတင်နေတဲ့အပြင် အများအားဖြင့်တော့ အရပ်ထဲက ပုဂ္ဂလိက လုပ်ငန်းရှင်၊ ငွေရှင်တွေဆီမှာ အတိုးနှုန်း မြင့်မြင့်နဲ့ ချေးယူနေရတယ်လို့ သူက ပြောပါတယ်။

ဓနုဖြူ အစည်းအဝေးမှာ ကဉ္စန ကျွန်းသာ ဆန်စပါးအထူးပြု ကုမ္ပဏီကို အကြွေး ဆပ်ဖို့လည်း ပြောကြား ခဲ့တဲ့အကြောင်း ၊ အကြွေးမဆပ်သူ လူ ၂ ထောင်ကျော်ကို အဓိက ရည်ရွယ် ပြောခဲ့တဲ့အကြောင်း ဓနုဖြူ မြို့နယ်က နောက်ထပ် လယ်သမား တစ်ဦးဖြစ်တဲ့ ရေကြည်ရွာက ဦးဝင်းထွဋ်က ပြန် ပြောပြပါတယ်။

အခုလို လယ်သမားတွေ အကြွေးထူနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဘဏ်တွေကနေ ငွေအလုံအလောက် ချေးပေးသင့်တဲ့အပြင် ကာလကိုလည်း လက်ရှိ တစ်နှစ်ကနေ အနည်းဆုံး ၁ နှစ်ခွဲအထိ အချိန်တိုးပေးသင့်ကြောင်း၊ ဒါ့အပြင် စျေးကွက်စီးပွားရေးစနစ်နဲ့အညီ လွတ်လပ်စွာ ရောင်းဝယ်ခွင့် နဲ့ မြေယာ ပေါင်နှံ သုံးစွဲခွင့်တွေ အမြန်သေးသင့်ကြောင်း လယ်သမားအရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌလည်း ဖြစ်တဲ့ ဦးနေမျိုးဝေ က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။