BBC navigation

မြန်မာသာမက ကမ္ဘာ့ဒီမိုကရေစီရေးပါ ဆောင်ရွက်မယ်

နောက်ဆုံး ရေးသားချိန် 31 ဇန်နဝါရီလ 2013 - 16:08 GMT

မြန်မာသာမက ကမ္ဘာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက်ပါ ကြိုးပမ်းဆောင်ရွက်မယ်လို့ ဆိုသူ

တောင်ကိုရီးယားမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့တဲ့ ၁၀ နှစ်က နေအိမ် အကျယ်ချုပ် ကျခံစဉ်ကာလမှာ ချီးမြှင့်ခံခဲ့ရတဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ကိုယ်တိုင် လက်ခံ ရယူပြီးနောက် မြန်မာသာမက ကမ္ဘာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက်ပါ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲက လက်ခံရယူ သိမ်းဆည်းထားတဲ့ ဆုကို ဂွမ်ဂျူး လူ့အခွင့်ရေးဆု ပေးအပ် ချီးမြှင့်တဲ့ အဖွဲ့ကို ပြန်အပ်ပြီးနောက်မှာ အခုလို အခမ်းအနားနဲ့ ခမ်းခမ်းနားနား ချီးမြှင့် ဂုဏ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဆင်းရဲကျပ်တည်းချိန်မှာ အားပေးခဲ့တဲ့ ဂွမ်ဂျူးနဲ့ ကိုရီးယားက ပြည်သူတွေကို မေ့မှာ မဟုတ်သလို မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ဒီထက်ပိုပြီး ရအောင် ကြိုးပမ်းသွားမယ်လို့ ဆုရယူပြီးနောက်မှာ ကတိပြု ပြောကြားခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ်က တောင်ကိုရီးယားမှာ စစ်အာဏာရှင် ချန်ဒူးဝမ်ကို ကျောင်းသားနဲ့ ပြည်သူတွေက အသက်၊ သွေး၊ ချွေးတွေ စတေးပြီး ဆန့်ကျင် တွန်းလှန်ပြီးနောက်မှာ ကိုရီးယားကို ဒီမိုကရေစီ နိုင်ငံအဖြစ် ကူးပြောင်းခဲ့တာကို ဂုဏ်ပြုတဲ့ အနေနဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို တီထွင်ပြီး အာရှနဲ့ ကမ္ဘာ့နိုင်ငံတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ လှုပ်ရှားသူတွေထဲက ရွေးချယ်ပြီး၊ ကိုရီးယား အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုနဲ့ ပေးအပ် ချီးမြှင့်တာလည်း ဖြစ်ပါတယ်။

ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို တောင်ကိုရီးယားရဲ့ နိုဗယ်လ်ဆုလို့ သိကြပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲက ကိုရန်နိုင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဂွမ်ဂျူး လူ့အခွင့်အရေးဆုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူး မြို့တော်သူဆုကိုလည်း ရရှိခဲ့ပါတယ်။

အခက်အခဲ အတားအဆီးတွေ ကြားထဲကနေ ရဲရဲရင်ဆိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလို ကမ္ဘာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အထိမ်းအမှတ်အဖြစ် ရောက်လာအောင် တက်လှမ်း ကြိုးပမ်း ဆောင်ရွက်ခဲ့နိုင်သူမို့ အခုလို ဂုဏ်ပြု ရတာပါလို့လည်း ဂွမ်ဂျူး မြို့တော်ဝန်က ပြောခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။