BBC navigation

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းရာမှာ ဖေါ့စဖရပ်ပါတဲ့ လက်နက်သုံး

နောက်ဆုံး ရေးသားချိန် 31 ဇန်နဝါရီလ 2013 - 16:19 GMT

ရဟန်းသံဃာတွေနဲ့ ကျေးရွာသူကျေးရွာသား အတော်များများ မီးလောင် ဒဏ်ရာရခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြနေကြတဲ့ သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းရာမှာ သုံးတဲ့ လက်နက်မှာ ဝှိုက်ဖေါ့စဖရပ် မီးစုန်းအဖြူဓါတ် ပါဝင်တာတွေ့ရတယ်လို့ ရှေ့နေကွန်ယက်က ဘီဘီစီကို ပြောပါတယ်။

ရှေ့နေကွန်ယက်ဟာ အမေရိကန် လူ့အခွင့်အရေးဆိုင်ရာရှေ့နေတဦးဖြစ်တဲ့ Roger Normand နဲ့အတူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ ဥပဒေရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ သီးခြား စုံစမ်းလေ့လာနေတာ ဖြစ်ပါတယ်။

သပိတ်စခန်းကို အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက် ဖြိုခွင်းခဲ့ပြီးတဲ့နောက် ဒေသခံတွေ စုဆောင်းပေးခဲ့တဲ့ မီးသင့် သင်္ကန်းစတွေ ပစ်ပြီးကျည်ခွံတွေကို အမေရိကန်ရှေ့နေ ရော်ဂျာနော်မန်ရဲ့ အကူအညီနဲ့ ဘန်ကောက်အခြေစိုက် သြစတြေးလျကုမ္ပဏီတခုမှာ ဓါတ်ခွဲလေ့လာခဲ့တာလို့ ရှေ့နေကွန်ယက်က ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဓါတ်ခွဲအစီရင်ခံစာအရ ကျည်ခွံမှာ ဖေါ့စဖရပ်အဖြူကို တွေ့ရှိခဲ့ပြီး စစ်ရေးရည်ရွယ်ချက်နဲ့ သုံးတဲ့ပစ္စည်းလို့ သိရကြောင်း၊ လေ ရေ စတာတွေနဲ့ ထိတွေ့ရင် ဖေါ့စဖရစ် အက်စစ်အဖြစ် ဓါတ်ပြောင်းသွားပြီး လူ့အရေပြား၊အသားတင်မက အရိုးအထိကိုတောင် လောင်ကျွမ်းစေနိုင်တဲ့ သတ္တိရှိတယ်လို့ ဆိုပါတယ်။

ဂျီနီဗါစာချုပ်အရ ဖေါ့စဖရပ်ကို ဓါတုလက်နက်အဖြစ် သတ်မှတ်ထားခြင်း မရှိပေမယ့် လူကို သေစေ အဆိပ်သင့်စေလို့ မသုံးဖို့ တားမြစ်ထားတဲ့ ပစ္စည်းဖြစ်တယ်လို့ ပြောပါတယ်။

သူ့ရဲ့ လေ့လာချက်အရ ဒီလက်နက်မျိုးကို ရုရှက ချက်ချင် သူပုန်တွေကို တိုက်ခိုက်ရာမှာ၊ အမေရိကန်က အီရတ်ကို တိုက်ရာမှာ အသုံးပြုခဲ့တယ်လို့ တွေ့ရှိရပေမယ့် လူကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လက်နက်မဟုတ်ဘဲ နေရာကို အချက်ပြရာမှာ၊ တပ်လှုပ်ရှားမှုကို ရန်သူမမြင်အောင် မီးခိုးကန့်လန်ကာ Smoke screen အဖြစ်သာသုံးလေ့ရှိပြီး မြန်မာနိုင်ငံမှာလို လူထုဆန္ဒပြမှုကို နှိမ်နင်းတာမျိုးမှာ သုံးတာတာမျိုး တခါမှ မတွေ့ရဘူးလို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

သပိတ်စခန်း ဖြိုခွင်းမှုအတွင်း သံဃာအပါး ၁၀၀ ခန့်နဲ့ လူ ၂၀ ခန့် မီးလောင်ဒဏ်ရာ တွေ ရရှိခဲ့ပြီး တချို့ ဒဏ်ရာပြင်းထန်ပြီး ထိုင်းနိုင်ငံမှာ ကုသနေရတဲ့ သံဃာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

အခုတွေ့ရှိချက်တွေကို သူတို့ရဲ့ သုံးသပ်ချက်မပါဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပေးပို့ထားပြီး အစီရင်ခံစာ အသေးစိတ်ကို အစိုးရ ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်ပြီးမှ ထုတ်ပြန်မယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရပိုင်းတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားပေမယ့် အခုထက်ထိ အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။