BBC navigation

ငြိမ်းချမ်းရေး ဆွေးနွေးမှု တရုတ် ကြားဝင် စေလို

နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2013 - 15:02 GMT
War in Kachin

ကချင် ဒေသမှာ တိုက်ပွဲတွေ ဖြစ်တာ တစ်နှစ် ကျော်လာ ခဲ့ပြီ

ကချင် ဒေသမှာ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဟာအစိုးရ ဘက်က ထိုးစစ် တွေကြောင့် ဖြစ်ရတာလို့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့က ပြောဆိုပြီး အစိုးရ ဘက်က ထိုးစစ်တွေ ရပ်ရင် သူတို့လည်း ရပ်မယ် လို့ ပြောဆိုလိုက် ပါတယ်။

ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ထဲမှာ ဖော်ပြ ထားတာ ဖြစ်ပြီး နိုင်ငံရေး ပြဿနာ တွေကို ဆွေးနွေး အဖြေရှာခြင်းနဲ့သာ ပြေလည် နိုင်မယ်လို့ အစဉ် အမြဲ ပြောခဲ့တဲ့ အတိုင်း ဆွေးနွေးရေး လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင် သွားမယ် လို့လည်း ဆိုထား ပါတယ်။

ဒီလို လုပ်ဆောင်တဲ့ နေရာမှာ အကူ အညီ ပေးနိုင်တဲ့ နိုင်ငံ တစ်ခုခု ဒါမှ မဟုတ် အဖွဲ့ အစည်း တစ်ခုခုရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုနဲ့သာ ဆက်လက် လုပ်ဆောင်သွား လိုတယ်လို့ လည်း ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ တွဲဘက် အထွထွေ အတွင်း ရေးမှူး ဦးလနန်က ဘီဘီစီကို ပြော ပါတယ်။

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီကိုလည်း ဒီကိစ္စ ပြောထားပြီး ဖြစ်ပြီး သူတို့ကလည်း သဘော တူတယ်လို့ ဆိုပါတယ်။

တရုတ် နိုင်ငံကို နှစ်ကြိမ် စာရေးသား ပေးပို့ပြီး အကူ အညီ တောင်းခံခဲ့ပြီး ဖြစ်သလို ကုလ သမဂ္ဂ ကိုရော အနောက် နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန် နဲ့ ဗြိတိန် နိုင်ငံတို့ကိုပါ ကချင်ဒေသ ငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်း ဖြေရှင်း ပေးဖို့ ကေအိုင်အိုက အကူအညီ တောင်းခံ ထားခဲ့တယ်၊ ဒါပေမဲ့ ဘယ်သူ့ဆီကမှ အကြောင်း ပြန်ကြား တာတော့ မရှိ သေးဘူးလို့ ဦးလနန်က ပြောပါတယ်။

တရုတ် နိုင်ငံကို ကြားဝင် ပေးစေလိုတဲ့ အကြောင်းက တရုတ် နိုင်ငံဟာ အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံ အဖြစ် ဆက်လက် ရှိနေမှာ ဖြစ်လို့ ပြဿနာ ပြေလည်အောင် ဝိုင်းဝန်း ကူညီ ဖြေရှင်း ပေးဖို့ သူ့မှာလည်း တာဝန် ရှိတယ်လို့ ယူဆကြောင်း သူက ဆက်ပြော ပါတယ်။

နိုင်ငံရေး ဆွေးနွေးမှု လမ်းကြောင်းပေါ်ကို ရောက်လာမယ် ဆိုရင် ကေအိုင်အိုနဲ့ အစိုးရ နှစ်ဖွဲ့ပဲ ဆွေးနွေးမှုတွေ မဟုတ်ဘဲ UNFC အဖွဲ့ဝင် တွေရော၊ အဖွဲ့ဝင် မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးနဲ့ပါ သက်ဆိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်သွားလိမ့်မယ်၊ အဲဒီလို ဖြစ်အောင်လည်း အားလုံးက ဝိုင်းဝန်း တိုက်တွန်း သင့်တယ်လို့ ဦးလနန်က ပြောပါတယ်။

ကေအိုင်အိုရဲ့ ကြေညာချက် အပေါ် အစိုးရ ဘက်တုံ့ပြန်ရာမှာ အစိုးရ အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်း နဲ့သာ ဖြေရှင်း နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အပစ် အခတ် ရပ်စဲ ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ အပါအဝင် တခြား အဖွဲ့အစည်း တွေက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကေအိုင်အို အကြား ဆွေးနွေး မှုတွေ ပြုလုပ်နိုင်ရေး ကူညီ ကြိုးပမ်း နေတာတွေကို အသိ အမှတ်ပြု ကြောင်းနဲ့ ဆွေးနွေးပွဲ တွေ စတင် နိုင်အောင် ဆောင်ရွက် နေတဲ့ အကြောင်း အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့က တရက်တည်း မှာပဲ ထုတ်ပြန် လိုက်ပါသည်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။