BBC navigation

ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ပတ်ဝန်းကျင် ထိခိုက်နေ

နောက်ဆုံး ရေးသားချိန် 3 ဖေဖေါ်ဝါရီလ 2013 - 01:13 GMT
_dewei_deepsea_project_environment

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တနေရာ

မြန်မာ နိုင်ငံသာ မက ဒေသတွင်းမှာပါ အကြီးဆုံး အထူး စီးပွားရေး ဇုန်ကြီး ဖြစ်လာမယ့်၊ ထိုင်းနိုင်ငံ အစိုးရ နောက်ကနေ ထောက်ပံ့ ပါဝင်နေတဲ့ ၊ အီတာလျံ ထိုင်း ကုမ္ပဏီက လုပ်ကိုင် နေတဲ့ ထားဝယ် ရေနက် ဆိပ်ကမ်း နဲ့ စက်မှုဇုံ စီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု တွေရှိနေတယ်လို့ သဘာဝ ပတ်ဝန်းကျင် အရေး ဆောင်ရွက်သူ တွေက ထောက်ပြ ကြပါတယ်။

ဒီအကြောင်းကို လေ့လာ ထားတဲ့ Another Development for Burma အဖွဲ့က ကိုစောဖရန်ကီက ဘီဘီစီကို ပြောပြရာမှာ အရှေ့ပိုင်း ဒေသ တနင်္လာရီ ချောင်းဖျား နဲ့ အထူးသဖြင့် ဂမုန်းသွယ်ချောင်း ဒေသ တလျှောက်မှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တဲ့ အကြောင်း ပြောပါတယ်။

လောလောဆယ်မှာ ကုမ္ပဏီက လမ်းမကြီး ထိုးပြီးသွားပြီ ဖြစ်ကြောင်း၊ အဲဒီမှာ လမ်းပေါ်မှာ ကျောက်ခဲ တွေနဲ့ သဲတွေ ပြန်ခင်း ချင်တဲ့ အခါမှာ ဂမုန်းသွယ် ချောင်းထဲက သဲနဲ့ ကျောက်စရစ် ခဲတွေကို ကားကြီး တွေနဲ့ သွားသယ်တယ်လို့ ဆိုပါတယ်။ ဒေသခံ တွေရဲ့ သတင်းပေး ချက်အရ ပြီးခဲ့တဲ့ ၂၀၁၂ ထဲမှာပဲ ခေါက်ရေ ၁၀၀၀ ကျော် ယူခဲ့ကြောင်း ပြောပါတယ်။

အဲဒီလို ယူခဲ့ခြင်း အားဖြင့် ဂေဟ စနစ်ကို ပျက်စီး စေတယ်လို့ ဆိုပါတယ်။

အလားတူ နယ်စပ်မှာလည်း ကတ္တရာခီး ဆိုတဲ့ တောင်တွေကို ဖြိုတယ်ဆိုတဲ့ သတင်းတွေကို ဒေသခံတွေက ပေးလာတဲ့ အကြောင်း ပြောပါတယ်။ အဲဒီ တောင်တွေကို ဖြိုယူပြီး ကားလမ်းပေါ်မှာ ခင်းမယ်လို့ သူတို့က ပြောတဲ့ အတွက် ဒေသခံ တွေက တော်တော်လေး စိုးရိမ် နေကြတယ်လို့ ဆိုပါတယ်။

ဒီကားလမ်းဟာ ရိုးရိုးဖောက်လုပ် တာမဟုတ်ဘဲ ဘေးက တောင်တွေကိုဖြို၊ ချောင်းတွေ ထဲက ကျောက်ခဲနဲ့ သဲတွေကိုယူတဲ့ အတွက်ကြောင့် ဒေသခံတွေမှာ စိုးရိမ်မှု တွေအများကြီး ပေါ်ပေါက်တာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။

အဲဒီလို ချောင်းတွေထဲက ကျောက်ခဲနဲ့ သဲတွေကို ယူတဲ့ အတွက် ချောင်းထဲက ကျောက်ဆောင် တွေအောက်မှာ ရှိတဲ့ ဂလိုင် တွေထဲက ငါးတွေ ခိုနားတဲ့ နေရာ တွေထဲကို သဲတွေ အပြုံလိုက် ဝင်သွား တဲ့အတွက် အနာဂတ်မှာ ငါးပြုန်းတီး မှုနဲ့ ရေကြောင်း ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလို လုပ်ငန်းတွေ မစခင်မှာ သဘာဝ ပတ်ဝန်းကျင် စစ်တမ်းတွေ ကောက်ယူဖို့ လိုကြောင်း၊ အဲဒီ စစ်တမ်း အစီရင် ခံစာထွက်ပြီးမှ ဒီအလုပ် တွေကို ဆက်လုပ်လို့ ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ အချိန်မှာ အစီရင်ခံစာ မထွက်ရှိသေးကြောင်းနဲ့ အစီရင် ခံစာ ထွက်ပြီး ရင်တောင် လုပ်လို့ မရသေးကြောင်း၊ အစီရင်ခံစာကို ပြည်သူ လူထုကို ပြန်လည် တင်ပြပြီး ပြည်သူတွေရဲ့ တုန့်ပြန်မှု ရပြီးမှသာ ဆက်လုပ်လို့ ရမှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။