BBC navigation

မဲဆောက်မြို့ နယ်စပ်ကုန်စည်ပြပွဲ စတင်

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 16:54 GMT

ကုန်စည်ပြပွဲကို မြန်မာနိုင်ငံက ကုန်သည်ကြီး တွေလည်း တက်ရောက်ခဲ့ ကြပါတယ်

ထိုင်းနိုင်ငံ မဲဆောက် မြို့မှာ ထိုင်း မြန်မာ နယ်စပ် ကုန်စည် ပြပွဲကို စတင် ကျင်းပ နေပြီ ဖြစ်ရာ မြန်မာ နိုင်ငံ မွန်ပြည်နယ် ကုန်သည် ကြီးများ အသင်း တာဝန် ရှိသူတွေလည်း ပြပွဲကို တက်ရောက် လာပါတယ်။

ဒုတိယ နှစ်မြောက် ကျင်းပတဲ့ မဲဆောက်က ဒီကုန်စည် ပြပွဲမှာ ထိုင်း မြန်မာ လာအိုနဲ့ ကမ်ပူးချား နိုင်ငံ တွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်း တွေကို ပြသထား ပါတယ်။

ထိုင်း နိုင်ငံက အဝတ် အထည်၊ စားသောက်ကုန်၊ စက်မှု လုပ်ငန်းသုံး အထောက် အကူ ပစ္စည်း စတာတွေ ပြသ ထားသလို၊ မြန်မာနဲ့ ကမ်ပူးချား ကတော့၊ ဒေသခံ တွေရဲ့ ငွေထည်၊ ကြေးထည် လက်မှု လက်ရာတွေ အပြင် ဒေသထွက် ကျောက်မျက်တွေနဲ့ အဝတ် အထည်တွေ ပါပါတယ်။

လာအို နိုင်ငံ ကတော့ အဝတ် အထည်နဲ့ ဒေသထွက် လက်မှု လက်ရာ တွေကို ပြသထား ပါတယ်။

အဲဒီ အထဲမှာ ထိုင်းက စက်မှု လုပ်ငန်းသုံး အထောက် အကူ ပစ္စည်း တွေကို မွန်ပြည်နယ် ကုန်သည် ကြီးများ အသင်းနဲ့ ပါလာတဲ့ လုပ်ငန်းရှင် တွေက နှစ်သက် ကြတာ တွေ့ရ ပါတယ်။

ဒါကြောင့် ဒီလို ကုန်စည် ပြပွဲတွေကို နယ်စပ် တလျှောက်မှာ များများ ပြုလုပ် နိုင်အောင် ဆောင်ရွက် သွားမယ်လို့ ထိုင်း ကုန်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် နန်းဝတ်ချရီ မုက်တာနွန်က ပြောပါတယ်။

မြဝတီ ကုန်သည် ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ဒီလို ကုန်စည် ပြပွဲတွေကို မြဝတီ ဘက်မှာ တလှည့်စီ ကျင်းပ နိုင်အောင် ထိုင်းနဲ့ ညှိနှိုင်း နေတယ် လို့ ပြောပါတယ်။

မွန်ပြည်နယ် ကုန်သည်ကြီးများ အတွင်းရေးမှူး ဦးထင်အောင်ကျော်က မွန်ပြည်နယ် ထွက်ကုန်တွေ ဖြစ်တဲ့ ရေထွက် ပစ္စည်းတွေ၊ ဆန် စပါးတွေနဲ့ ရာဘာတွေကို မဲဆောက် ဘက်နဲ့ ကုန်သွယ် နိုင်အောင် ထိုင်းကုန်သည် တွေနဲ့ ဆွေးနွေး ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။