BBC navigation

နိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်ပြုဖို့လို

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 22:12 GMT

၂၀၁၂ ဇန်နဝါရီက ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပျော်ရွှင်နေကြပုံ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းတဲ့အခါ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့မှုတွေကို ကုစားပေးပြီး၊ အသိအမှတ်ပြုပေးသလို မြန်မာနိုင်ငံမှာလည်း အလားတူ ဆောင်ရွက်ဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပြုံးချိုက ဘီဘီစီကို ပြောပါတယ်။

၁၉၈၉ က သာယာဝတီထောင်တွင်းမှာ အကျဉ်းထောင် အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ၉၀ လောက်ကို လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းလောက်အောင် အတင်းအကျပ် ခိုင်းစေမှုတွေ လုပ်ခဲ့လို့ ကန့်ကွက် ဆန္ဒပြကြတာကို အတင်းအကျပ် ဖြိုခွဲခံရတဲ့ အကြောင်း သမိုင်းသိ၊ သင်ခန်းစာ ယူနိုင်ဖို့ ဖေဖော်ဝါရီ ၁ က အဲဒီ အကျဉ်းသားဟောင်းတွေက ရှင်းလင်းပွဲ လုပ်ခဲ့တာနဲ့ ပတ်သက်လို့ ဘီဘီစီက မေးတာမှာ ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်နေတဲ့ ကိုပြုံးချိုက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဆိုတာ နိုင်ငံရေး ခံယူချက်ကြောင့် ပုံသဏ္ဍာန်မျိုးစုံနဲ့ အကျဉ်းထောင်တွေထဲ ရောက်ကုန်တာ ဖြစ်တယ်၊ အခုလို ပြန်ပြောပြနေကြတာကလည်း လက်စားချေ တုန့်ပြန်ဖို့ မဟုတ်ဘူး။ သမိုင်းသင်ခန်းစာယူဖို့နဲ့ နောက်နောင် ဒီလို မဖြစ်အောင် ပြုပြင်ပြောင်းလဲပစ်ဖို့ပါလို့ သူက ထောက်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွင်း ရောက်ပြီးနောက်မှာ ဒုက္ခဆင်းရဲမျိုးစုံကို ခံစားကြရပြီး၊ ပြန်လွတ်ပြီးနောက်မှာလည်း အဲဒီက ရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် စိတ်ပိုင်း ရုပ်ပိုင်း နာကျင် ခံစားကြရသလို တချို့လည်း သေဆုံးသွားတဲ့အထိ ဖြစ်ကြပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကိုယ်တွေ့ ညှင်းပမ်းနှိပ်စက် ခံစားရတာတွေကို ပြန်ထုတ်ဖော်ပြတာဟာ လက်ရှိအစိုးရလည်း သိအောင်၊ နှိပ်စက်ခဲ့သူတွေလည်း နားလည်အောင်အပြင် လာလတ္တံတဲ့ မျိုးဆက်တွေပါ သဘောပေါက်အောင် လုပ်ဆောင်ကြတာပါလို့လည်း ကိုပြုံးချိုက ဘီဘီစီကို ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။