BBC navigation

တရားဝန်ထမ်းအိမ်က လက်နက်နဲ့ ဆေးပြားမိ

နောက်ဆုံး ရေးသားချိန် 3 ဖေဖေါ်ဝါရီလ 2013 - 22:22 GMT
drug

အိန္ဒိယ ကနေ မြန်မာနိုင်ငံကို မှောင်ခိုသွင်း

အိန္ဒိယ-မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့က တရားရေး၀န်ထမ်း တယောက်ရဲ့အိမ်မှာ တနင်္ဂနွေနေ့ ညနေပိုင်းက လက်နက်မျိုးစုံနဲ့ ဆူဒိုအဖက်ဒရင်း မူးယစ်ဆေးပြား ၁ဝ သိန်းကျော်ကို ဖမ်းမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက် ညနေ က တမူးမြို့ စန္ဒကူး (၃) ရပ်ကွက်မှာရှိတဲ့ တရားရုံး စာရေးဝန်ထမ်း တယောက် အိမ်ကနေ လက်နက်သေတ္တာ ၁ဝ လုံးနဲ့ မူးယစ်ဆေး ပီနံအိတ်နဲ့ ၈ အိတ် ဖမ်းမိခဲ့တာပါ။

ရဲသတင်း ရပ်ကွက်နဲ့ နီးစပ်တဲ့ ဒေသခံတွေ အပြောအရ လက်နက် မျိုးစုံ ၉ဝ ကျော် သိမ်းဆည်း ရမိထားတယ်လို့ သိရပါတယ်။

ခုလက်ရှိ အခြေအနေမှာတော့ ဆေးပြားနဲ့လက်နက် လက်ဝယ်ရှိသူ အိမ်ရှင် ဇနီးမောင်နှံ ၂ ယောက်ကို ဖမ်းထားတယ်လို့ တမူး ရဲစခန်းက ပြောပါတယ်။

ဖမ်းမိထားတဲ့ မူးယစ်ဆေးပြား အရေအတွက်ဟာ အပြားရေ ၁ဝ သိန်းကျော်တာမို့ ကာလတန်ကြေးနဲ့ တွက်ရင် သိန်း တထောင် ကျော် တန်ဖိုးရှိကြောင်း လတ်တလော တွက်ချက်ထားတယ်လို့ ရဲစခန်းကဆိုပါတယ်။

ဒီ ဆူဒိုအက်ဖဒရင်း ဆေးပြားတွေကို အိန္ဒိယ ဘက်ကနေ မြန်မာနိုင်ငံကို မှောင်ခို သွင်းတာ ဖြစ်ပြီး ဆေးပြားကို မူးယစ်ဆေး အဖြစ်နဲ့ တိုက်ရိုက် သုံးစွဲတာ ရှိသလို ဒီဆေးပြားထဲမှာပါတဲ့ အက်ဖက်ဒရင်း ဓာတ်ကို ပြန်ထုတ်ပြီး စိတ်ကြွဆေး ထုတ်လုပ်တဲ့နေရာမှာ ပြန်သုံးကြတယ်လို့ သိရပါတယ်။

မနှစ် အောက်တိုဘာလ ကလဲ စစ်ကိုင်းတိုင်း ကနီမြို့နယ်နားမှာ ချင်းတွင်းမြစ်ကို စုန်နေတဲ့ စက်လှေတစီး ပေါ်ကနေ မြန်မာငွေ သိန်း၂ သောင်း ကျော်တန် အက်ဖဒရင်း ဆေးပြားတွေကို ဖမ်းမိခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။