BBC navigation

မုတ္တမကွေ့ ရေတိမ်ဒေသ စာရင်းဝင်ဖြစ်ဖို့

နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2013 - 23:44 GMT

ရေညှောင့်နှုတ်သီးဝိုင်းလို ရှားပါးတဲ့ ငှက်မျိုးစိတ် တွေ ဟာ မုတ္တမ ပင်လယ်ဒေသမှာ ရှိပါတယ်

မြန်မာနိုင်ငံက မုတ္တမ ပင်လယ်ကွေ့ကို ကမ္ဘာ့ ရေတိမ် စောင့်ရှောက်ရေး ဒေသ (Ramsar Site) အဖြစ် သတ်မှတ် ခံရဖို့ မြန်မာ နိုင်ငံက ကြိုးပမ်း နေပါတယ်။

၁၉၉၇ ခုနှစ် လောက်က အီရန် နိုင်ငံ (Ramsar) ရမ်ဇာ မြို့ ရေတိမ် ဒေသနဲ့ ပတ်သက်တဲ့ ညီလာခံ မှာ ငှက်တွေကို အညွှန်း ပြုပြီး ဖေါ်ထုတ် ထားတဲ့ နိုင်ငံ တကာ အရေးကြီး ရေတိမ် ဒေသ (ရမ်ဇာဒေသ) တွေကို ထိန်းသိမ်း ဖို့ နိုင်ငံ ပေါင်းစုံက သဘောတူ လက်မှတ် ထိုးခဲ့ကြ တာ ဖြစ်ပါတယ်။

အဲဒီ ညီလာခံကို အသိအမှတ် ပြုပြီးတော့ ရမ်ဇာ ဒေသလို့ သတ်မှတ် ခဲ့ပြီး ကမ္ဘာ့ ရေတိမ်ဒေသ နေ့ရယ် လို့လည်း သတ်မှတ်ခဲ့ ပါတယ်။

၂၀၀၄ ခုနှစ်လောက်က မြန်မာနိုင်ငံက ဒေသ ၉ ခုကို ရမ်ဇာ ဒေသ အဖြစ် သတ်မှတ်ဖို့ တင်ပြရာမှာ အဲဒီဒေသတွေ ထဲက မိုးယွန်းကြီးအင်း ဘေးမဲ့တော ကို ရမ်ဇာ ဒေသ အဖြစ် သတ်မှတ်ပေးခဲ့ ပါတယ်။

ဒီအတွက် မိုးယွန်းကြီးအင်းဟာ မြန်မာ နိုင်ငံက ပထမဆုံးနဲ့ တခုတည်း သော ရမ်ဇာဒေသ ဖြစ်တယ်လို့ မြန်မာ ငှက်နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းအောင်က ဘီဘီစီကို ရှင်းပြပါတယ်။

အခုတော့ မုတ္တမ ပင်လယ်ကွေ့ ဒေသကိုပါ ရမ်ဇာ ဒေသ အဖြစ် သတ်မှတ်ခံရဖို့ တင်ပြ ထားတာ ဖြစ်ပါတယ်။

မုတ္တမ ပင်လယ်ကွေ့ ဒေသဟာ နေရာက အကျယ်ကြီး ဖြစ်ပြီး ပယ်လယ် ကမ်းခြေ ဒေသ တွေမှာ ကျက်စားတဲ့ ရေညှောင့်နှုတ်သီးဝိုင်း၊ ဇင်ယော်နဲ့ မြစ်တွေး ငှက်တွေ အပါ အဝင် အကြမ်းဖျဉ်း အားဖြင့် ငှက်မျိုးစိတ် ၁၈၈ မျိုး လောက်က ဆောင်းခို ကျက်စား ကြတာ ဖြစ်ပါတယ်။

အဲဒီ အထဲက ရေညှောင့်နှုတ်သီးဝိုင်းလို ရှားပါးတဲ့ ငှက်မျိုးစိတ်တွေဟာ ရုရှ ဘက်မှာ သားပေါက်ပြီး အစာရေစာ ရှားပါးတဲ့အတွက် ကမ္ဘာ့တောင်ပိုင်း မြန်မာ နိုင်ငံလို ရေတိမ်ပြီး အစာပေါတဲ့ ဒေသဘက်တွေကို ကျလာတာ ဖြစ်ကြောင်း ဦးသိန်းအောင်က ပြောပါတယ်။

မြန်မာ နိုင်ငံမြောက်ပိုင်း တရုတ် မွန်ဂို ဘက်တွေ ကလည်း ဒီငှက်တွေ လာတတ် ကြောင်းနဲ့ ဒီငှက်တွေဟာ မြန်မာ နိုင်ငံကို ဖြတ်ကျော်ပြီး သြစတြေးလျ အထိ ရောက် ရှိသွားတတ် ကြတယ်လို့ လည်း သူကပြောပါတယ်။

မုတ္တမ ပင်လယ်ကွေ့ ကို ရမ်ဇာ ဒေသ အဖြစ် သတ်မှတ်ပေးဖို့ တင်ပြ ထားရာမှာ ရမ်ဇာ ညီလာခံ အတွင်းဝန်ရုံး ကနေပြီး ချပေးမယ် ဆိုရင်တော့ အနှေးနဲ့ အမြန် သတ်မှတ်ခြင်း ခံရမှာ ဖြစ်ကြောင်း ဦးသိန်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။