BBC navigation

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား ထုတ်ပြန်

နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2013 - 16:56 GMT

မြန်မာ နိုင်ငံက တချို့ ဆိုင်တွေမှာ ဗီဇာ ကဒ်နဲ့ စျေးဝယ်လို့ ရနေပါပြီ

မြန်မာ နိုင်ငံမှာ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ဆိုင်ရာ နည်းဥပဒေ တွေ ထွက်လာပြီး နောက်တနေ့ မှာတော့ ရင်းနှီး မြှုပ်နှံခွင့် ရှိတဲ့ လုပ်ငန်း အမျိုး အစားတွေကို ထုတ်ပြန်လိုက် ပါတယ်။

လက်ရှိ ထုတ်ပြန် လိုက်တဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ငန်း အမျိုးအစား တွေဟာ ပြည်တွင်း ပြည်ပ လုပ်ငန်း ရှင်တွေ အတွက် အဆင်ပြေ နိုင်တယ်လို့ မြန်မာ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာမျိုးသက်က ပြောပါတယ်။

နိုင်ငံခြားသား တွေကို လုပ်ခွင့် မပြုတဲ့ လုပ်ငန်းက ၂၁ မျိုး ရှိပါတယ်။ အဲဒီ လုပ်ငန်းတွေ ထဲမှာ ကာကွယ်ရေး ဆိုင်ရာ လက်နက်ခဲယမ်း မီးကျောက် ထုတ်လုပ်ခြင်း၊ ရေထိန်းတဲ့တော၊ သဘာဝ အရ အထွတ် အမြတ် ထားတဲ့ နေရာ၊ ယစ်ပူဇော်တဲ့ နေရာ၊ တောင်ယာစိုက်ခင်း၊ လယ်ယာမြေ၊ ရေအရင်းအမြစ်ကို ထိခိုက် ပျက်ဆီး စေမယ့် လုပ်ငန်း၊ ကျောက်စိမ်းနဲ့ ကျောက်မျက် ရှာဖွေရေး၊ ဓါတ်သတ္တု အလတ်စားနဲ့ အသေးစား လုပ်ငန်း စတဲ့ လုပ်ငန်းတွေ ပါဝင်ကြ ပါတယ်။

ဖက်စပ် လုပ်ခွင့် ပြုတဲ့ လုပ်ငန်းက ၄၂ မျိုး ပါဝင်ပါတယ်။ အဲဒါတွေ ကတော့ မျိုးစေ့ ထုတ်လုပ်တဲ့ လုပ်ငန်း၊ စက်သုံးဆီ ထုတ်လုပ်တဲ့ လုပ်ငန်း၊ ရာဘာ လုပ်ငန်း၊ စက္ကူ ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်း၊ အကြီးစား သတ္တုတူးဖေါ်ရေး လုပ်ငန်း၊ ပြည်တွင်း ပြည်ပ လေကြောင်းလိုင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း၊ ဆေးဝါး ထုတ်လုပ်ခြင်း၊ ပုဂ္ဂလိက အထူးကု ဆေးရုံ စတဲ့ လုပ်ငန်းတွေ ဖြစ်တယ်။

ဝန်ကြီးဌာန တွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ခွင့်ပြုတဲ့ လုပ်ငန်း ၁ဝဝ ကျော်ရှိပါတယ်။ အဲဒီ အထဲမှာ နိုင်ငံခြား ဘာသာနဲ့ ထုတ်မယ့် သတင်းစာ၊ အက်ဖမ် ရေဒီယိုနဲ့ ရုပ်ရှင် လုပ်ငန်းတွေ ပါဝင် ပါတယ်။

ဒါ့အပြင် သီးသန့် ခွင့်ပြုချက် ယူပြီး လုပ်ရမယ့် လုပ်ငန်းတွေလည်း အတော် များများ ပါဝင်ပါတယ်။

လုပ်ငန်း တချို့ကိုတော့ ဝန်ကြီးဌာန တခုတည်းက ဆုံးဖြတ်ခွင့် ပေးမယ့် အစား အစိုးရ ဝန်ကြီးများ အစည်း အဝေးက အဆုံး အဖြတ် ပေးတာမျိုး ဖြစ်သင့် ကြောင်း ထောက်ပြ သူတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။