BBC navigation

ကေအိုင်အိုနဲ့ အစိုးရ စစ်ပြေငြိမ်းရေး အကောင်အထည်ဖေါ်ဖို့ သဘောတူ

နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2013 - 16:51 GMT

အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့နဲ့ ကေအိုင်အို ရွှေလီ ဆွေးနွေးပွဲ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ ဦးဆောင်တဲ့ အဖွဲဝင် ၅ ဦးပါ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ တရုတ်အစိုးရရဲ့ စီစဉ်မှုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်ထဲမှာ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို ကေအိုင်အိုအနေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နှင့် ညှိနှိုင်းပြီးနောက် ဖေဖေါ်ဝါရီလ မကုန်မှီ ကျင်းပရန်နှင့် အစိုးရနှင့် ကေအိုင်အို ကြား နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားဖို့ သဘောတူခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။

အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ကြား ခိုင်မာတဲ့ စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည် ဖေါ်နိုင်ဖို့ ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေကို လေ့လာစောင့်ကြည့်စီစစ်ရေးစံနစ်
အကောင်အထည်ဖေါ်ရေး ဆက်လက်ဆွေးနွေးသွားဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါအပြင် နှစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ နှစ်ဖက်စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရေး၊ နောက်တစ်ကြိမ် အစည်းအဝေးအတွက် ပြင်ဆင်မှုနဲ့ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေအဖြစ် ပါ၀င်နိုင်မည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ဖေါ်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက သံအမတ်ကြီး Mr. Luo Zhaohui ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူး၀င်းနဲ့ အဖွဲ့၀င်(၁)ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် အဖွဲ့၀င် (၂)ဦး၊ ဦးဟန်ညောင်ဝေနှင့် ဦးဗစ်တာဗျက်လျန် တို့ သက်သေတွေအနေနဲ့ တက်ရောက်ခဲ့ကြပါတယ်။

ကေအိုင်အို တွဲဘက်အထွေထွေအတွင်းရေးမှုး ဦးလနန်းက အခုဆွေးနွေးပွဲမှာ တရုတ်အစိုးရက ကြားကနေ သက်သေအဖြစ် ပါဝင်လာခဲ့တဲ့အတွက် ထူးခြားတဲ့ တွေ့ဆုံမှု ဖြစ်ကြောင်း၊ ဒီပုံစံအတိုင်း ရှေ့ဆက်သွားရင် အလားအလာကောင်းတွေ ပေါ်ထွက်လာနိုင်တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးအဖြစ်ပါဝင်တဲ့ ဦးလှမောင်ရွှေကလည်း အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲလို့ ပြောဆိုပြီး ပထမဆုံးအကြိမ် ပူးတွဲကြေညာချက် ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။