BBC navigation

ရခိုင် ဒုက္ခသည်တွေကို ပြန်လည် နေရာချထား

နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2013 - 20:48 GMT

ယခင် နေထိုင် ခဲ့တဲ့ နေရာတွေ မဟုတ်ဘဲ စစ်တွေမြို့ ဆတ်ရိုး ကျချောင်း တစ်ဘက် ကမ်း မှာ ဖြစ်ပါတယ်

ရခိုင် ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ အတွင်းက ပေါ်ပေါက် ခဲ့တဲ့ ဆူပူ အကြမ်းဖက်မှု အတွင်း အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့ ရခိုင် မိသားစုတွေ ပြန်လည် နေရာ ချထားရေး အတွက် ပထမ သုတ် အနေနဲ့ စစ်တွေမြို့ ဆတ်ရိုး ကျချောင်း တဘက် ကမ်းမှာ အိမ်တွေ ဆောက်ပေးသွားမယ်လို့ သိရပါတယ်။

အခု ဆောက်ပေးမယ့် အိမ်တွေဟာ ရခိုင် မိသားစု ၆၆၉ စု အတွက် ဖြစ်ပါတယ်။ ဇွန်လ တွင်းက သူတို့ နေအိမ်တွေ မီးရှို့ ခံခဲ့ရလို့ ဘုန်းကြီးကျောင်း တွေနဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြသူတွေ ဖြစ်ကြပါတယ်။

သူတို့ ယခင် နေထိုင် ခဲ့တဲ့ နေရာတွေ မဟုတ်ဘဲ စစ်တွေမြို့ ဆတ်ရိုး ကျချောင်း တဘက် ကမ်းမှာ ဆောက်ပေးတာ ဖြစ်တယ်လို့ စစ်တွေ မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။

သူတို့ ခုနစ်လကျော် အိုးအိမ်မဲ့ ဘဝနဲ့ နေခဲ့ရပြီး နောက် အစိုးရ က နိုင်ငံ တကာ အကူအညီနဲ့ ခုလို နေရာ ချထားပေးဖို့ စီစဉ်တာ ဖြစ်တယ်လို့ သိရပါတယ်။

အိမ်တလုံး အတွက် ကျပ် သိန်း ၄ဝ စီ အသုံး ပြုသွားမှာ ဖြစ်ပြီး လောလောဆယ် မှာ ဆောက်လုပ်ရေး ကုမ္ပဏီ အများ အပြားက ၂ လနဲ့ အပြီး အိမ်တွေကို စတင် တည်ဆောက် နေပြီ ဖြစ်တယ်လို့ ပြောပါတယ်။

အခု ဆောက်ပေးမယ့် အိမ်ရာတွေကို ကားနဲ့ အလွယ်တကူ သွားလာလို့ ရအောင် ကွန်ကရစ် တံတား တခုလဲ တည်ဆောက် ပေးမယ်လို့ ဆိုပါတယ်။

စစ်တွေမြို့မှာ ဇွန်လ အတွင်း ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခမှာ ရခိုင် နဲ့ မွတ်ဆလင် မိသားစုပေါင်း တသောင်းခန့် လူဦးရေ အားဖြင့် ဆိုရင် ခုနှစ်သောင်းခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရပြီး ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေကြရ ပါတယ်။ အဲဒီ အထဲက ရခိုင် မိသားစုတွေကို ပထမဆုံး အနေနဲ့ အစိုးရက စတင် နေရာ ချထား ပေးဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။