BBC navigation

ကချင်ငြိမ်းချမ်းရေး ကုလ ကူမယ်

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2013 - 16:44 GMT
Nambia

မစ္စတာနမ်ဘီးယားနဲ့ ဒေသခံကချင်မလေးတဦး

ကချင်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ကချင်ဒေသကို အခေါက်ခေါက်သွားလို့ နိုင်သလောက် ကူညီ ဆောင်ရွက်မယ်၊ တခါ စစ်ပြေး ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေကိုလည်း ကချင်ဒေသမှာ ပေးခွင့်ပြုမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေး နမ်ဘီးယားနဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့ပါတဲ့ အဖွဲ့ဟာ ဒီကနေ့မှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်က စစ်ပြေးဒုက္ခသည်စခန်း လေးခုကို သွားရောက် ကြည့်ရှုခဲ့ပြီး ကုလသမဂ္ဂက ဒုက္ခသည်တွေအတွက် လက်ဆောင်တွေ ပေးခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ယုံကြည်မှုတည်ဆောက်ဆဲဖြစ်စဉ်ကို ဆက်လက်ထိန်းသိမ်းပြီး ငြိမ်းချမ်းရေးကို မဖြစ်မနေရအောင် တည်ဆောက်မယ်လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ ပြောခဲ့တယ်လို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ PCG က အဖွဲ့ဝင် ဦးအင်န် ချန် ဆန်အောင်က ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂက အကူအညီတွေ ပေးမယ်လို့ ဆိုပေမယ့် အဲဒီအကူအညီတွေကို ဘယ်လို ပေးသွာမှာလဲ ဆိုတာကိုတော့ မစ္စတာ နမ်ဘီးယားက တိတိကျကျ ပြောသွားတာမျိုး မရှိပါဘူးလို့ သူက ဆိုပါတယ်။

ဝန်ကြီးဦးစိုးသိန်းက ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ကချင်ဒေသကို လာခွင့်ပြုမယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ဘယ်နေရာမဆို သွားဖို့က မဖြစ်နိုင်ဘူး၊ လုံခြုံရေးကြောင့်မို့ အာဏာပိုင်တွေနဲ့ ညှိရမယ်၊ PCG နဲ့ ပူးပေါင်း ဆောင်ရွက်မှ ရမယ်လို့ ဦးဆန်အောင်က ပြောပါတယ်။

တခါ တကယ့်ငြိမ်းချမ်းရေးအတွက်ဆို အစိုးရနဲ့ ကေအိုင်အိုကြား နှစ်ဘက် သဘောတူ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ရုံတင်မဟုတ်ဘဲ တကယ်လိုက်နာ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။