BBC navigation

အခြေခံဥပဒေသစ် ရေးဆွဲသင့်တယ်လို့ ရှေ့နေပြော

နောက်ဆုံး ရေးသားချိန် 6 ဖေဖေါ်ဝါရီလ 2013 - 15:49 GMT
Constitution Burma

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တာထက် အသစ်ပြန်လည် ရေးဆွဲတာက လူထု လိုချင်တဲ့ ဥပဒေသစ်ကို ရနိုင်မယ်လို့ စာရေးဆရာ မောင်ကိုနီက ထောက်ပြပါတယ်။

စာရေးဆရာ မောင်ကိုနီက 'ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လို ပြင်ဆင်ကြမှာလဲ' ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်ကို ဖေဖော်ဝါရီလဆန်းက ရန်ကုန်မြို့မှာ ထုတ်ဝေခဲ့ပြီးနောက် အဲဒီလို ပြောတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အုပ်ချုပ်တဲ့ စနစ်အောက်မှာ နှစ်ပေါင်းများစွာ မနေခဲ့ရတဲ့ မြန်မာလူထုကို အသိ ပညာ ပေးနိုင်ဖို့နဲ့ ဝေဖန်ခွဲခြားနိုင်ဖို့ ဒီစာအုပ်ကို ရေးဖြစ်တာ ဖြစ်ကြောင်း ရှေ့နေတစ်ဦးလည်း ဖြစ်တဲ့ ဦးကိုနီက ဘီဘီစီကို ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စဟာ လက်ရှိ မြန်မာ့ နိုင်ငံရေးမှာ အငြင်းပွားဖွယ်ရာ အကျပ်အတည်းတခု အဖြစ် ဆက်ရှိနေ သလို အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း ပြင်ဆင်ဖို့အတွက် တစိုက်မတ်မတ် ပြောဆိုခဲ့ကြတာပါ။

ဦးကိုနီကတော့ လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေမှာ ပြင်ဆင်စရာတွေ များလွန်းတဲ့အတွက် ပြင်ဆင်တာထက် အသစ်ပြန်လည် ရေးဆွဲခြင်းက ပိုကောင်းနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပြင်ဆင်မလား၊ အသစ်ရေး ဆွဲမလား ဆိုတာကိုတော့ အားလုံး ပြန်လည် ညှိနှိုင်းရမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲတုန်းက လူထုဆန္ဒကို ထည့်သွင်း ရေးဆွဲတာမျိုး မရှိရုံမက ဒီ ရေးဆွဲရေးညီလာခံကို ဆန့်ကျင်ရင် ထောင်ဒဏ်အဖြစ် ပြစ်ဒဏ် ပေးနိုင်အောင်လည်း လုပ်ခဲ့ကြောင်း သူက ထောက်ပြ ခဲ့ပါတယ်။

အစိုးရအနေနဲ့ အထူးကော်မရှင်တရပ်ဖွဲ့ပြီး အချိန် ၁နှစ် ၂ နှစ် ကာလအတွင်းမှာ တိုင်းရင်းသားတွေ အပါအဝင် အားလုံးလိုချင်တဲ့ အခြေခံဥပဒေကို ရေးဆွဲစေမယ်၊ အဲဒီ ရေးဆွဲစဉ်ကာလမှာ လက်ရှိ အခြေခံ ဥပဒေကိုလည်း ဆက်လက် ကျင့်သုံးစေမယ်၊ ရေးဆွဲပြီးနောက် လူထု ဆန္ဒခံယူပွဲလုပ်ပြီး ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် လူထုဆန္ဒနဲ့ ညီတဲ့ အခြေခံ ဥပဒေကို ရနိုင်မယ်လို့ ဦးကိုနီက ပြောပါတယ်။

အခု အစိုးရအဖွဲ့မှာလည်း အရင်စစ်အစိုးရအဖွဲ့က စစ်ဗိုလ်ချုပ်ဟောင်းတွေ ပါပေမယ့် ဒီနေ့ခေတ်မှာ လူထု ဆန္ဒကို လိုက်လျောမယ်လို့ မျှော်လင့်စရာ ရှိကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။