BBC navigation

ကချင်ဒေသမှာ ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေး

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2013 - 17:14 GMT

တိုက်ပွဲတွေ ငြိမ်သွားပြီ ဖြစ်ပေမယ့် ဒုက္ခသည်တွေ နေရပ်ရင်း မပြန်နိုင်သေး

မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့အကြား တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့အပြီးမှာ ကချင်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲသွားပြီး အဲဒီဒေသက ဒုက္ခသည်တွေကို နေအိမ်တွေ ပြန်လည် တည်ဆောက်ပေးတာတွေ၊ လူသားချင်း စာနာတဲ့ အကူအညီတွေ ၀င်ရောက်ခွင့် ပြုရေး ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ ကြာသပတေးနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

အခုအခါမှာ တိုက်ပွဲတွေ အထိုက်အလျောက် ငြိမ်သက်သွားပြီ ဖြစ်ပေမယ့် အစိုးရ ထိန်းချုပ်တဲ့ နယ်မြေမှာ ရှိနေတဲ့ ဒုက္ခသည်တွေရော၊ KIO ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ရှိနေတဲ့ ဒုက္ခသည်တွေပါ နေရပ်ရင်းကို ပြန်တဲ့သူ မရှိသေးဘူးလို့ သိရပါတယ်။

နေရပ်ရင်း ရွာတွေမှာ အစိုးရတပ်တွေ ကျယ်ကျယ်ပြန့်ပြန့် တပ်စွဲထားဆဲ ဖြစ်ပြီး မြေမြှုပ်မိုင်းတွေ ချထားဆဲ ဖြစ်တာကြောင့်ရယ်၊ အပစ်အခတ် ရပ်စဲရေးကို အပြည့်အဝ စိတ်မချသေးတာရယ်တွေကြောင့် နေရပ် မပြန်ကြသေးတာလို့ တရုတ် မြန်မာ နယ်စပ်အနီးမှာရှိတဲ့ မိုင်ဂျာယန် ဒေသက ဒုက္ခသည်တဦးက ဘီဘီစီကို ပြောပါတယ်။

လူသားချင်း စာနာရေး အကူအညီတွေလည်း ခုချိန်ထိ ရောက်မလာသေးဘူး လို့လည်း ဆိုပါတယ်။

မြစ်ကြီးနားမြို့ အနီးတဝိုက်က ဒုက္ခသည်တွေလည်း နေရပ်ရင်း မပြန်ကြသေးသလို အကူအညီတွေကလည်း ပုံမှန်အားဖြင့် ခရစ်ယာန်အသင်းတော်တွေကဆီကနေသာ ရနေတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။