BBC navigation

ဦးပိုင်ကုမ္ပဏီ အခွန်ဆောင်ရတော့မလား

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2013 - 17:10 GMT

ဦးပိုင်ကုမ္ပဏီလုပ်နေတဲ့ လုပ်ငန်းတွေမျာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလဲပါ

၁၉၉၀ ပြည့်နှစ် ဧပြီလ စတင်ဖွဲ့စည်းကတည်းက ဝင်ငွေခွန်ကင်းလွတ်ခွင့် ရနေခဲ့တဲ့ စစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီဟာ အခု အခွန်စည်းကြပ်ခံရတော့မှာ အခြေအနေ ရှိနေပြီလို့ ပြည်တွင်း သတင်းတွေထဲမှာ ဖေါ်ပြနေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံစဉ် ဦးပိုင် ကုမ္ပဏီကို ဝင်ငွေခွန် ကောက်မလားဆိုတဲ့ အမေးနဲ့ပတ်သက်လို့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ဖြေကြားရာမှာ အခွန်ဥပဒေသစ်ကို ရေးဆွဲနေပြီး နိုင်ငံသားတိုင်း ဘယ်သူမဆို အခွန်ပေးဆောင်ရမယ့် တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အခွန်ဥပဒေအရ စီးပွားရေးလုပ်ငန်းကြီး အမျိုးမျိုးကို လုပ်ကိုင်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီဟာ ကုန်သွယ် လုပ်ငန်းခွန်ရော ဝင်ငွေခွန်ပါ ဆောင်ထိုက်တယ်လို့ စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေတဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက အငြိမ်းစား ဒုညွှန်ကြားရေးမှုး ဦးဟန်ထွန်းကို ပြောပါတယ်။

ဒါပေမယ့် စစ်အစိုးရအုပ်ချုပ်စဉ်ကာလမှာ စစ်တပ်က အရာရှိကြီးတွေ ပါဝင်လုပ်ကိုင်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီကို ကုန်သွယ် လုပ်ငန်းခွန်ရော ဝင်ငွေခွန် ၂ မျိုးစလုံး အခွန်ကင်းလွတ်ခွင့် ပြုထားခဲ့ပြီး ၂၀၁၂ ဧပြီလကမှ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ကုန်သွယ်လုပ်ငန်းခွန်ဟာ ဝယ်ယူ စားသုံးသူက နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်ကို ရောင်းစျေးထဲမှာထည့် ကောက်တဲ့ အခွန်ဖြစ်တယ်၊ ရောင်းတဲ့သူက အစိုးရကို စုပြီး ပေးရမယ်တာဝန်ရှိတယ်၊လို့ ဆိုပါတယ်။ မပေးရင် နိုင်ငံတော်ရမယ့် ဘဏ္ဍာကို ရောင်းသူ (ကုမ္ပဏီ)က ယူထားတဲ့သဘော သက်ရောက်တယ်လို့ ဆိုပါတယ်။

ဝင်ငွေခွန်ကတော့ ဘဏ္ဍာနှစ် တနှစ် အတွင်း ရရှိတဲ့ အမြတ်ကို သက်ဆိုင်ရာနှုန်းထားနဲ့ ဆောင်ရတဲ့ တိုက်ရိုက်အခွန် ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီအနေနဲ့ အရင် အခွန်ကင်းလွတ်ခွင့်ရထားခဲ့တာမို့ အခု အခွန်ဆောင်ရမယ်ဆိုရင် အဲဒီကာလက အခွန်တွေကို နောက်ကြောင်းပြန် ပေးဆောင်ဖို့ မလိုဘူးလို့ ဦးဟန်ထွန်းက ပြောပါတယ်။

စီးပွားရေးဦးပိုင်ကုမ္ပဏီဟာ ပုဂ္ဂလိက ပိုင်ဖြစ်လို့ နိုင်ငံတော် စာရင်းစစ်ချုပ်ရုံးက ဝင်ရောက်စစ်ဆေးပိုင်ခွင့် မရှိခဲ့ဘူး၊ အခု အခွန်စည်းကြပ်မှုရှိလာမယ်ဆိုရင် ဝင်ငွေခွန် ဥပဒေအရ ၀င်ရောက်စစ်ဆေးပိုင်ခွင့်ရှိလာမယ်၊ စာရင်းစစ် အစီရင်ခံစာ တရားဝင် ထုတ်ပြန်ပေးလာရတော့မယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက စီးပွားရေးစံနစ် အောင်မြင် ဖြစ်ထွန်းဖို့ ဆိုရင် စီးပွားရေးယှဉ်ပြိုင်မှုမှာ တန်းတူရည်တူ ယှဉ်ပြိုင်ခွင့်ရှိအောင် ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ဦးဟန်ထွန်းက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။