BBC navigation

လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ဥပဒေ လွှတ်တော် အတည်ပြု

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 15:43 GMT
Burma Anti Corruption law ratified

လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့

မြန်မာ နိုင်ငံမှာ အစိုးရသစ် တက်လာခဲ့ ပြီးတဲ့နောက် ပထမဆုံး အကြိမ် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ အတည်ပြု လိုက် ပါတယ်။

မဲခွဲ ဆုံးဖြတ်မှု မတိုင်ခင်က လွှတ်တော် တွင်းမှာ အခြေ အတင် ဆွေးနွေး ခဲ့ကြတာ ရှိပါတယ်။

အမျိုးသား လွှတ်တော် ဘက်က အဆိုပြုတဲ့ လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေဆိုတဲ့ နာမည်ကို အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေ လို့ ခေါ်ဆိုဖို့ ပြည်သူ့ လွှတ်တော်ဘက်က တင်ပြ ဆွေးနွေး တာကို မဲခွဲ ဆုံးဖြတ်ကြရာမှာ အမျိုးသား လွှတ်တော် ဘက်က အနိုင် ရရှိ သွားခဲ့ ပါတယ်။

လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေ ထဲမှာ ဘယ်အချိန်မှာ လာဘ်ပေးမှု မြောက်တယ် မမြောက်ဘူး ဆိုတဲ့ သတ်မှတ်မှု၊ လာဘ်ပေး လာဘ်ယူမှု ပေါ်ပေါက်လာတဲ့ အခါ ကော်မရှင် အနေနဲ့ ဘယ်လို စုံစမ်းမယ်၊ ချမ်းသာ ကြွယ်ဝမှု တွေကို ဘယ်လို စုံစမ်း စစ်ဆေးမယ် စတဲ့ အချက်တွေ ပါဝင်တယ်လို့ လွှတ်တော်မှာ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့သူ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပုလဲ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

လာဘ်ပေး လာဘ်ယူမှု ဥပဒေ အရ အရေးယူတဲ့ နေရာမှာ အစိုးရ ဝန်ထမ်းတွေ အပါအဝင် လာဘ်ပေးသူ လာဘ်ယူ မှု ပြုလုပ်သူ အားလုံး ကိုရော၊ လာဘ်ပေး လာဘ်ယူ ဆန်တဲ့ အခွင့် အရေး ရအောင် ဆောင်ရွက် ပေးသူတွေ အားလုံးပါ အကြုံး ဝင်တယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ လာဘ်ပေး လာဘ်ယူ မှုကို အရေးယူနိုင်တဲ့ ဥပဒေတွေ ရှိခဲ့ပေမဲ့ လက်တွေ့ ကျင့်သုံး နိုင်ခြင်း မရှိခဲ့တာဟာ ဥပဒေက မထိရောက်လို့ မဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေးကို မဆောင်ရွက် နိုင်လို့ ဖြစ်တယ်လို့ ဒေါ်ခင်စန်းလှိုင်က သုံးသပ် ပါတယ်။ ဒါကြောင့် လာဘ်ပေး လာဘ်ယူ မှု ပပျောက်ဖို့ရာ တရားဥပဒေ စိုးမိုးမှု ရှိအောင် ဝိုင်းဝန်း ဆောင်ရွက် ကြဖို့ လိုတယ်လို့ သူက ပြောပါတယ်။

အခု ဥပဒေကို အတည်ပြု လိုက်ပြီး ဖြစ်ပေမဲ့ နည်းဥပဒေတွေ ထုတ်ပြန်ရ ဦးမှာကြောင့် ဥပဒေ စတင် အကျိုး သက်ရောက်မှု ရှိလာဖို့က နောက်ထပ် ခြောက်လ လောက် စောင့်ရ ဦးမယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။